ဆီးရီးယားတွင် ရုရှား၏ စစ်အင်အား တိုးမြှင့် နေရာယူလာမှုကို အမေရိကန်နှင့် NATO မဟာမိတ် တပ်ဖွဲ့များက စိုးရိမ်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
NATO တပ်ဖွဲ့ အကြီးအကဲ ဂျန်စ် စတိုလန်ဘာ့ဂ်က ဆီးရီးယားတွင် ရုရှားတပ်ဖွဲ့များ ပိုမိုနေရာယူ တပ်ဖြန့်လာမှုကို အတည်ပြုခဲ့ပြီး ရုရှား၏ စွက်ဖက်မှုသည် ဆီးရီးယား ပဋိပက္ခကို ပြေလည်စေမည် မဟုတ်ဟု သတိပေးလိုက်သည်။ ထို့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ယင်းအခြေအနေနှင့် ပတ်သက်၍ မိမိတို့၏ စိုးရိမ်မှုကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ထံ ဖုန်းဖြင့်ဆက်သွယ် အသိပေးခဲ့ကြောင်း ဆိုသည်။
ရုရှားက မိမိတို့သည် သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်၏ ဆီးရီးယား အစိုးရအတွက် စစ်ရေးအကြံပေး အရာရှိများ ပို့ဆောင်ထားကြောင်း အတည်ပြုထားသည်။ လေ့လာသူများက ရုရှား၏ ပံ့ပိုးမှုသာ ရှိမနေလျှင် ယခုအချိန်တွင် အာဆက်ဒ်၏ အစိုးရ အဖွဲ့မှာ သူပုန်များလက်တွင် ကျဆုံးနေလောက်ပြီဟု သုံးသပ်ထားကြသည်။
အမေရိကန် စစ်ဘက်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ရုရှားသည် ယခုအခါ ဆီးရီးယား ကမ်းခြေရှိ တာတက်စ်မြို့မှ ရုရှားရေတပ်စခန်းသို့ လေယာဉ်များ၊ တင့်ကားကမ်းတက် ရေယာဉ်နှစ်စီးတို့ကို ထပ်မံ အားဖြည့် ပို့ဆောင်ထားကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် ရုရှားရေတပ်သား အချို့သည်လည်း အဆိုပါ စခန်းတွင် အခြေစိုက် တပ်စွဲထားကြောင်း သိရသည်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးကမူ ယခုကိစ္စသည် အဆန်းမဟုတ်ကြောင်း၊ ရုရှားအနေဖြင့် ဆီးရီးယားသို့ လက်နက်နှင့် စစ်ရေးအကြံပေးပညာရှင်များ ထောက်ပံ့ ပို့ဆောင်နေသည်မှာ အချိန်ကာလ ရှည်လျားစွာ ကြာမြင့်နေခဲ့ပြီဖြစ်ကြောင်း ပြောကြားထားသည်။
“ဆီးရီးယားနဲ့ လက်နက်နည်းပညာကဏ္ဍ ပူးပေါင်း လုပ်ဆောင်နေတာကို ရုရှားအနေနဲ့ ဘယ်တုန်းကမှ လျှို့ဝှက် မထားပါဘူး”ဟု မာရီယာ ဇာခါရိုဗာက ဆိုသည်။ ဆီးရီးယား၏ အိမ်နီးချင်း လက်ဘနွန် အစိုးရ အရာရှိ တစ်ဦးက သူပုန်တပ်ဖွဲ့များနှင့် ရင်ဆိုင်နေသည့် တိုက်ပွဲများတွင် ဆီးရီးယားဘက်မှ ရုရှားစစ်သည်များပါ ပူးပေါင်း တိုက်ခိုက်နေသည်ဟု ယုံကြည်ရကြောင်း မှတ်ချက်ပေးခဲ့သည်။
ကယ်ရီက လက်ဗ်ရော့ဗ်ထံ ဆက်သွယ်၍ ဖုန်းပြောရာတွင် အဆိုပါ ကောလာဟလ သတင်းများသာ အမှန်ဖြစ်ပါက ဆီးရီးယား ပြဿနာသည် ပိုမို ရှုပ်ထွေးလာနိုင်ကြောင်း သတိပေးခဲ့သည်။ ဂျာမနီနှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနများကလည်း ရုရှားသာ ဝင်စွက်ဖက်ပါက ဆီးရီးယား၏ ပြည်တွင်းစစ်ပွဲ အရှိန် ပိုမို မြင့်တက်လာလိမ့်မည်ဟု ယူဆနေသည်။
အမေရိကန်သည် လတ်တလောတွင် ညွန့်ပေါင်း မဟာမိတ် လေတပ်ကို ဦးဆောင်ကာ ဆီးရီးယားနှင့် အီရတ်ရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။ ဆီးရီးယား အစိုးရသည် ယခုနှစ်အတွင်း သူပုန်တပ်များကို ဆက်တိုက်လိုလို အရေးနိမ့်ခဲ့ပြီး နယ်မြေ အများအပြား ဆုံးရှုံးလာခဲ့ရာ ရုရှား၏ အကူအညီကို ပိုမိုမှီခိုလာရဖွယ် ရှိနေကြောင်း အမေရိကန်က သုံးသပ်ထားသည်။
7daydaily
No comments:
Post a Comment