Friday, September 18, 2015

ရွှေ့ပြောင်းဒုက္ခသည်များအရေးကြောင့်ဆားဘီးယားနယ်စပ်ကိုခရိုအေးရှားပိတ်ထားရ

ခရိုအေးရှားသည် ရွှေ့ပြောင်းဒုက္ခသည် အရေးနှင့် ပတ်သက်၍ ပြဿနာ ကြီးကြီးမားမား ကြုံရသည့် နောက်ဆုံး ဥရောပနိုင်ငံအဖြစ် စာရင်းဝင်လာကြောင်း သတင်းရရှိသည်။


ဆာဘီးယားကို ဖြတ်ကျော်ကာ ဂျာမနီသို့ သွားရောက်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်း ဒုက္ခသည်များသည် ဟန်ဂေရီ အစိုးရ၏ ပိတ်ဆို့မှုကြောင့် လမ်းကြောင်းပြောင်းကာ ခရိုအေးရှားသို့ ဝင်ရောက်ရန် ပြင်ဆင်လာခဲ့သည်။ ဇာဂရက်ဘ်မှ အာဏာပိုင်များက တစ်ရက်အတွင်း ရွှေ့ပြောင်းဒုက္ခသည် တစ်သောင်းကျော် ဆိုက်ရောက်လာသည့်နောက် နယ်စပ်များကို ပိတ်ပစ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ဟု ဖွင့်ဟခဲ့သည်။

ယခုအခါ ခရိုအေးရှားသည် ဆာဘီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် ၈ ခုအနက် ၇ ခုကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတို့ကို စွန့်ခွာလာသည့် ဒုက္ခသည်များ ဖြတ်သန်းမှုကို ဆာဘီးယား အစိုးရက ကြည်ကြည်သာသာ ခွင့်ပြုခဲ့သော်လည်း ဟန်ဂေရီနှင့် နယ်စပ်တွင် ပိတ်ဆို့ခံရသည့်အတွက် ဒုက္ခသည်များက လမ်းကြောင်းသစ်များကို ရွေးချယ်လာခြင်း ဖြစ်သည်။

ခရိုအေးရှားသည် ဇာဂရက်ဘ်မှ ဘဲလ်ဂရိတ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ပင်မလမ်းကြောင်းမှလွဲ၍ ကျန်နယ်ခြားဂိတ် အားလုံးကို ပိတ်ထားလိုက်ကြောင်း သိရသည်။ ခရိုအေးရှား အာဏာပိုင်များက ဒုက္ခသည်များကို ခိုလှုံရေး စခန်းများသို့ ပို့ဆောင်ပေးရန် အားထုတ်ခဲ့သော်လည်း အရေအတွက် မတန်တဆ များပြားလာသည့်အတွက် အခြေအနေကို ကိုင်တွယ်ထိန်းချုပ်ရန် ခက်ခဲသွားကြောင်း ပြောကြားခဲ့သည်။

ခရိုအေးရှား ပြည်ထဲရေး ဝန်ကြီး ရန်ကို အော့စ်တိုဂျစ်က ရွှေ့ပြောင်း ဒုက္ခသည်များကို ရည်ရွယ်ပြီး “ဒီကို ထပ်မလာပါနဲ့တော့။ လူပြည့်နေပါပြီ။ ဆာဘီးယား၊ မက်စီဒိုးနီးယားနဲ့ ဂရိက ဒုက္ခသည် စခန်းတွေမှာပဲ နေကြပါ။ ခရိုအေးရှားဟာ ဥရောပကို ဝင်ရောက်မယ့် လမ်းကြောင်း မဟုတ်ပါဘူး။ ခင်ဗျားတို့ကို ဘတ်စ်ကားတွေက အဲဒီထိ သယ်သွားပေးမှာလည်း မဟုတ်ဘူး။ ထွက်ပေါ်နေတဲ့ သတင်းတွေက အလိမ်အညာတွေပါ”ဟု ကြေညာခဲ့သည်။

ခရိုအေးရှား ဝန်ကြီးချုပ် ဇိုရန် မီလာနိုဗစ်ကလည်း ဒုက္ခသည် အရေးကို ကိုင်တွယ်ရန် မိမိနိုင်ငံ၏ လုပ်ဆောင်နိုင်စွမ်းသည် အကန့်အသတ် ကြီးမားစွာ ရှိနေကြောင်း သတိပေးခဲ့သည်။ ဒုက္ခသည်များကို ဥရောပ သမဂ္ဂ နိုင်ငံများ မျှဝေလက်ခံပေးရန် အဆိုကို ဂျာမနီနှင့် ပြင်သစ်ကဲ့သို့ နိုင်ငံကြီးများက ထောက်ခံအားပေးသော်လည်း ဟန်ဂေရီ၊ ပိုလန်၊ ချက်၊ ဆလိုဗက်ကီယားတို့ကဲ့သို့ နိုင်ငံများက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေဆဲ ဖြစ်သည်။

_Ref: CNA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...