ဝန်ကြီးအသစ် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည့် အီဂျစ်အစိုးရ အဖွဲ့အသစ်တွင် အီဂျစ်သမ္မတ အဗ္ဗဒူဖာတာ အယ်စီစီသည် စက်တင်ဘာ ၁၉ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ခြစားမှု အရှုပ်တော်ပုံကြောင့် ယခင် အီဂျစ်အစိုးရအဖွဲ့ နုတ်ထွက်သွားခဲ့ပြီး သီတင်းတစ်ပတ် အကြာ၌ ယခုကဲ့သို့ အစိုးရအဖွဲ့သစ် ထပ်မံဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ယခင် ၀န်ကြီးအဖွဲ့တွင် ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရှရစ်အစ္စမေးသည် ၀န်ကြီးအဖွဲ့သစ်၌ ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံပိုင် ရုပ်သံတွင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများသည်လည်း ယခု ၀န်ကြီးအဖွဲ့အသစ်တွင် သူတို့၏ ယခင် ရာထူးများမှာပင် ပြန်လည် တာဝန်ယူခဲ့ကြသည်။
စိုက်ပျိုးရေးဝန်ကြီး ဆာလာဟီလယ်ကို ခြစားမှု စုံစမ်းရေး တစ်ခုအတွင်း ဖမ်းဆီးပြီး ရက်အနည်းငယ်အကြာဖြစ်သည့် စက်တင်ဘာ ၁၂ ရက်တွင် ယခင်ဝန်ကြီးချုပ် အီဘရာဟင်မာလက်၏ အစိုးရအဖွဲ့သည် နုတ်ထွက်သွားခဲ့ကြသည်။ အီဂျစ်နိုင်ငံ၏ စီးပွားရေး စီမံကိန်းများ နှေးကွေးမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာစဉ်တွင် ၀န်ကြီးအဖွဲ့ နုတ်ထွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်က ရွေးကောက်ပွဲတွင် စီစီ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းသည် သွေးဟောင်းများကို ဖောက်ထုတ်လိုက်ခြင်းဖြစ်သည်ဟု အကြီးတန်း အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဝါရင့် နည်းပညာရှင် တစ်ဦးဖြစ်သည့် အစ္စမေးသည် ၂၀၁၃ ခုနှစ်က ၀န်ကြီးအဖွဲ့ထဲသို့ မရောက်လာခင် နိုင်ငံပိုင် ရေနံကုမ္ပဏီများတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိသူ ဖြစ်သည်။ ၀န်ကြီးချုပ် ဖြစ်ပြီးနောက် အစ္စမေး၏ ပထမဆုံး ပြောကြားချက်ထဲတွင် “၀န်ကြီးအဖွဲ့သစ်၌ ဆေးကြိမ်လုံး မရှိ။ ပြဿနာများကို ဖြေရှင်းရန် အချိန်လိုအပ်မည်” ဟု သတိပေးခဲ့သည်။ အီဂျစ် ၀န်ကြီးအဖွဲ့အသစ်သည် ၀န်ကြီး ၁၆ ဦးဖြင့် ဖွဲ့စည်းထားသဖြင့် ၀န်ကြီးဌာန လေးခုကို လျှော့ချလိုက်သည်ဟု ယူဆရသည်။
လစာတိုးမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ရာထူးတိုးမှုများကို ဗဟိုက ချုပ်ကိုင်ခြင်းတို့ ပါဝင်သည့် ဥပဒေသစ် ထွက်ပေါ်လာပြီးနောက် အစိုးရ၀န်ထမ်းများ၏ ကန့်ကွက်ဆန္ဒပြမှုများ ထွက်ပေါ်ပြီး ၀န်ကြီးချုပ်ဟောင်း မာလက်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် အစိုးရ၏ ရက်ရောသော လောင်စာဆီ ထောက်ပံ့ရေး အစီအစဉ်တွင် လျှော့ချမှုများ လုပ်ဆောင်ခြင်းတို့ကြောင့် ပြည်သူများကြားတွင် မကျေနပ်မှုများလည်း မြင့်တက်နေသည်။
ကြားဖြတ်သမ္မတ အက်ဒလေ မန်ဆာကမာလပ်ကို ၀န်ကြီးချုပ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်သည် စီစီ ဦးဆောင်သော စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး တစ်နှစ်အကြာ ဖြစ်သည်။
အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့သည့် အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို အောက်တိုဘာ ၁၇ ရက်နှင့် ဒီဇင်ဘာ ၂ ရက် တို့တွင် နှစ်ပိုင်းခွဲ၍ ကျင်းပရန် စီစဉ်နေစဉ် အစိုးရအဖွဲ့ အပြောင်းအလဲ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်အသစ်သည် ယခုနှစ် နှောင်းပိုင်းတွင် စတင် အသက်ဝင်မည်ဟု ခန့်မှန်းရသည်။
Ref:AFP
No comments:
Post a Comment