Sunday, September 6, 2015

လှိုင်သာယာမြန်မာပုလဲအထည်ချုပ်လုပ်သား၁၀၀၀နီးပါးဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ မြန်မာပုလဲ အထည်ချုပ်စက်ရုံက အလုပ်သမား ၁ဝဝဝ နီးပါးလောက်ဟာ တစ်ရက် လုပ်အားခ ကျပ် ၃၆ဝဝ ခံစားခွင့်ရပြီးနောက်မှာ ရှားပါးစရိတ်၊ ထောက်ပံ့ကြေး၊ ရက်မှန်ကြေးတွေကို စက်ရုံက မပေးတော့ဘူးလို့ ဆိုတဲ့အတွက် စက်ရုံထဲမှာ အလုပ်မလုပ်ပဲ ဆန္ဒပြ တောင်း ဆိုနေကြပါတယ်။

အခုလို ရှားပါးစရိတ်တွေအပြင် တခြားခံစားခွင့်တွေကို ဖြုတ်ချလိုက်တဲ့အတွက် လစာနဲ့မလုံလောက်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား မရီရီဝင်းက ပြောပါတယ်။

"လက်ရှိမှာ အချိန်ပိုကြေးနဲ့ တစ်နေ့လုပ်အားခတွေနဲ့ပဲသွားမှာ အချိန်ပိုကြေးမရှိရင် ဒီလူတွေဟာ ၁ သိန်း ၈ ထောင်နဲ့ အလုပ်လုပ်လို့မရဘူးဆိုတဲ့ပုံစံမျိုး အဲ့လိုပုံစံဖြစ်နေတယ၊ လက်ရှိမှာ စက်ရုံတွေတော်တော် များများက အချိန်ပိုကြေးတွေ လျော့ထားပြီလေ၊ တရားဝင်ကိုသူတို့က ကြေညာလိုက်တာ၊ စားသောက် စရိတ် လေးသောင်းခွဲကို ဖြုတ်ချလိုက်ပြီးရော လက်ရှိမှာကျန်တဲ့ အပိုဆုကြေးတို့၊ ရက်မှန်ကြေးတို့၊ အချိန်ပိုကြေးတို့၊ ၈ နာရီကြေးတို့ သူတို့ပေးတဲ့ကြေးတွေက အကုန်ဖြတ်ချလိုက်တယ်"

အစိုးရက တစ်ရက်လုပ်အားခ ၃၆ဝဝ ဆိုပြီး မသတ်မှတ်ခင်အချိန်က မြန်မာပုလဲစက်ရုံက အလုပ်သမားတွေဟာ အဲ့ဒီ ခံစားခွင့်တွေအပါအဝင် အလုပ်သမားတစ်ဦးရဲ့ တစ်လဝင်ငွေဟာ အနည်းဆုံး ၁ သိန်း ၃ သောင်းကနေပြီး ၂ သိန်းလောက်အထိ ရရှိတာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလ ၁ ရက်နေ့ကစတင်ပြီး တစ်ရက် လုပ်အားခ ၃၆ဝဝ ပေးဖို့ အစိုးရက တရားဝင်သတ်မှတ်လိုက်ကာ အလုပ်သမားတွေရဲ့ တခြားခံစားခွင့်တွေကို စက်ရုံတွင်းမှာ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းပေးရမယ်ဆိုပြီး ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါပေမယ့် တစ်ရက်လုပ်အားခ ၃၆ဝဝ သတ်မှတ်ပြီးနောက်ပိုင်းမှာ အရင်ကပေးနေတဲ့ ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ ခရီးစရိတ်၊ ထောက်ပံ့ကြေးတွေကို မပေးတော့ဘူးဆိုပြီး အလုပ်ရှင်ကပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ခံစားခွင့်တွေကို အလုပ်သမားတွေမရတော့ဘူးဆိုရင် အချိန်ပိုလုပ်အားခမပါပဲ တစ်လလုပ်အားခ ၁ သိန်း ၈ ထောင်သာ ရရှိတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေတွေ့ဆုံပြီး အလုပ်သမားခံစားခွင့်တွေ ကို ပြန်လည်ခံစားခွင့်ရဖို့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ တရားဝင်ကြေညာသွားမယ်လို့ ပြောခဲ့ပေမယ့် အလုပ်သမားတွေကတော့ အလုပ်မလုပ်ပဲ ဆန္ဒပြတာ ၃ ရက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် အလုပ်မလုပ်တဲ့ ရက်တွေအတွက် လုပ်အားခကို အလုပ်ရှင်က မပေးဘူးဆိုပြီးပြောကြားခဲ့ကာ လာမယ့် တနင်္လာနေ့မှာ လုပ်ငန်းခွင်ကိုပြန်မဝင်ရင် အလုပ်ထုတ်မယ်ဆိုပြီး ပြောထားတာရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : RFA Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...