Monday, September 21, 2015

အကြမ်းဖက်သမားဟုယူဆရသူအချို့ကြောင့်အီဖယ်လ်မျှော်စင်ယာယီပိတ်ခဲ့ရ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ အီဖယ်လ်မျှော်စင်တွင် အကြမ်းဖက်သမားဟု ယုံကြည်ရသူ အချို့ကို တွေ့ရှိပြီးနောက် မျှော်စင်ပေါ်သို့ ဧည့်သည်များ တက်ရောက်ခွင့်ကို ယာယီ ပိတ်ပင်လိုက်ရကြောင်း သိရှိရသည်။


ပါရီမြို့တော် လုံခြုံရေး တာဝန်ရှိသူများက အိတ်ကြီးများ သယ်ယူလာသည့် အကြမ်းဖက်သမားဟု မသင်္ကာဖွယ် လူသုံးဦးကို မျှော်စင်ပေါ် တက်ရောက်ရန် ကြိုးစားနေကြောင်း သတင်းပေးပို့မှုများကြောင့် ကမ္ဘာလှည့် ခရီးသည် မြောက်မြားစွာကို ဆွဲဆောင်နိုင်သည့် ကမ္ဘာကျော် မျှော်စင်ကြီးကို ပိတ်လိုက်ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၀ ရက် အရုဏ်တက် အချိန်ခန့်တွင် မျှော်စင်ကို စတင်ပိတ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို အကြမ်းဖက်မှု နှိမ်နင်းရေး ရဲများကလည်း ရဟတ်ယာဉ် တစ်စီးကို အသုံးပြုကာ လုံခြုံရေးကို အားဖြည့်ပေးခဲ့ကြောင်း သိရှိရသည်။

“မနက် ၅း၃၀ နာရီလောက်မှာ လူသုံးယောက်က မျှော်စင်ပေါ် တက်သွားတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ မျှော်စင်ရဲ့ အပြင်ဘက်က တွယ်တက်ခဲ့တာပါ”ဟု ပါရီရဲတပ်ဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ သို့သော်လည်း ယခုအခါ မျှော်စင်ပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦးမျှ မတွေ့ရတော့ဘဲ လေထီးဖြင့် ခုန်ချ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

အခြားသီအိုရီ တစ်ခုမှာ မျှော်စင်ပေါ် တက်သွားသူများသည် အကြမ်းဖက်သမားများ မဟုတ်ဘဲ စတန့်သမား လူစွန့်စားများဖြစ်ပြီး ၎င်းတို့ သယ်ယူသွားသည်မှာ လေထီးအိတ်ကြီးများ ဖြစ်နိုင်သည် ဆိုခြင်းပင် ဖြစ်သည်။ လတ်တလောတွင်မူ ပါရီရဲတပ်ဖွဲ့ အနေဖြင့် ယင်းသတင်းအတွက် အလုပ်များသွားသလို မွန်းလွဲ ၂း၀၀ နာရီကျမှ မျှော်စင်ကို ပြန်ဖွင့်ပေးနိုင်ခဲ့သည်။

“အိတ်ကြီးတွေ သယ်သွားတယ်လို့ တွေ့တဲ့လူတွေကလည်း ပြောတယ်။ အခုကျတော့ လုံးဝဥဿုံ ပျောက်နေတယ်။ ဒါကြောင့် အဲဒါဟာ လေထီးအိတ်တွေ ဖြစ်မယ်လို့ ယူဆရပါတယ်”ဟု ရဲအရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

အီဖယ်လ်မျှော်စင်သည် ပေပေါင်း ၁၀၅၀ အမြင့်ရှိပြီး ၁၈၈၉ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်ရေး ပွဲတော် အထိမ်းအမှတ်အတွက် တည်ဆောက်ခဲ့သည်။ ထို့နောက်တွင်မူ ခေတ်သစ် ပြင်သစ်နိုင်ငံ၏ အထင်ကရ အထိမ်းအမှတ် သင်္ကေတသဖွယ် ဖြစ်လာသည်။ အီဖယ်လ်မျှော်စင်သို့ နှစ်စဉ် လူပေါင်း ၇ သန်းကျော် တက်ရောက် လည်ပတ်လေ့ ရှိကြောင်းလည်း သိရသည်။

ပါရီမြို့တော်သည် ပြီးခဲ့သည့် လပိုင်းအတွင်း ဆိုးရွားသော အကြမ်းဖက် တိုက်ခိုက်မှု အချို့နှင့် ကြုံခဲ့ရသည့်နောက် လုံခြုံရေးကို နိုးနိုးကြားကြား မြှင့်တင် တပ်လှန့်ထားသည်။

_Ref: Nation

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...