မြန်မာလိဂ်ပွဲစဉ် ၁၅ အပြီးတွင် ရှုံးပွဲမရှိ စံချိန်ဖြင့် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ ခြေစမ်းပွဲကစားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၆ ရက် ရန်ကုန်ယူနိုက်တက် အိမ်ကွင်း မြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်မည့် အဆိုပါပွဲစဉ်၌ ရန်ကုန်ယူနိုက်တက် အသင်းတွင် လက်ရွေးစင် ရွေးချယ်ခြင်း ခံထားရသော ကစားသမားခြောက်ဦးနှင့် ဂျပန်ကစားသမား ကန်နီကိုတို့မှ လွဲ၍ ကျန်ကစားသမားများ ပါဝင်မည် ဖြစ်သည်။
‘‘ရန်ကုန်အသင်း အခုလက်ရှိ ရရှိနေတဲ့ ပုံစံကို ပျက်မသွားစေချင်တဲ့ အတွက် နေရှင်နယ်လိဂ် နားထားတဲ့အချိန်မှာ ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲကစားပြီး အသင်းရဲ့ ခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ အတွက်ပါ။
လက်ရွေးစင် ကစားသမား ခြောက်ဦးနဲ့ ကန်နီကိုကလွဲပြီး ကျန်တဲ့ကစား သမားတွေနဲ့ ယှဉ်ပြိုင်မှာပါ’’ ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်ယူနိုက်တက် နောက်တန်းကစားသမား ကန်နီကိုသည် ညာဘက်ခြေသလုံး ကြွက်သားဒဏ်ရာ ရရှိနေခြင်းကြောင့် လာမည့် နေရှင်နယ်လိဂ် ပွဲစဉ် ၁၆ တွင် ပါဝင်နိုင်မည် မဟုတ်သော်လည်း လက်ကျန်ပွဲများ၌ ပါဝင်ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ အပြီးတွင် ၁၄ ပွဲနိုင်၊ တစ်ပွဲသရေနှင့် ရမှတ် ၄၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ယခုနှစ် အမှတ်ပေးပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ရန် မျှော်မှန်းထားကြောင်း တာဝန်ရှိသူက ပြောသည်။
ချစ်ဝိုင်း
No comments:
Post a Comment