Monday, September 7, 2015

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့်ပြည်သူ့အသံ

မကြာသေးမီက ပြဋ္ဌာန်းခဲ့သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေတွင် ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံထိမ်းမြားမှုပြုပါက (သို့မဟုတ်) လင်မယားအဖြစ် တရားမ၀င်ပေါင်းသင်းနေကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၇)နှစ်ချမှတ်နိုင်သည့်အချက်ပါဝင်သော ယင်းဥပဒေကို သဘောကျလက်ခံသူရှိသလို၊ အားနည်းချက် များစွာရှိသည်၊ နောက်ဆက်တွဲပြဿနာများစွာရှိသည်ဆိုပြီး ဝေဖန်သူများလည်းရှိခဲ့သည်။ အဆိုပါဥပဒေနှင့်ပတ်သက်၍ ပြည်သူများ၏ထင်မြင်ယူဆချက်များကို ဖော်ပြလိုက် ပါသည်။

မ၀င်းရွှေရည်ဦး

သတင်းထောက်၊ မန္တလေးမြို့

ခေတ်စနစ်အရ ပြောင်းလဲပြဋ္ဌာန်းသင့်တဲ့ ဥပဒေမျိုးဆိုတာ ရှိပါ တယ်။ အခုဥပဒေမျိုးကလည်း မြန်မာနိုင်ငံအနေနဲ့ ပြဋ္ဌာန်းသင့်တဲ့ ဥပ ဒေမျိုးပါပဲ။ ကျွန်မတို့က ဘယ်လိုပဲ ခေတ်စနစ်ရဲ့ သားကောင်ဖြစ်ပါစေ။ မြန်မာလူမျိုးဖြစ်နေလို့ ‘‘အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်စုတ်ထိုး’’ ဆိုတဲ့ အကြောင်းအရာတွေကို မပျက်ပြယ်ကောင်းတဲ့ အရာတွေပါ။ အခုဥပဒေကို အနည်းအကျဉ်းဖတ်ကြည့်ပြီးတဲ့အခါမှာ ပုဒ်မ (၁၅) မှာပါရှိတဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူဟာ နှစ်ဦးပိုင်ဆိုင်မှုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရမယ်။ ပုဒ်မ (၁၇) မှာပါတဲ့ ဒီဥပဒေကို ဖောက်ဖျက်တဲ့ သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်နိုင်တယ်ဆိုတဲ့ အချက်တွေကို သိလာ ရပါတယ်။  အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိုပြီးအထောက်အကူဖြစ်စေမယ်လို့ ထင်မိတယ်။ အိမ်ထောင်ရေးဖောက် ပြန်မှုဆိုတာကတော့ လူမှုရေးရာဖြစ်တဲ့အတွက် ဥပဒေနဲ့ ထိန်းကျောင်းလို့ တစ်ခုတည်းမရပါဘူး။ သို့ပေမဲ့ ဥပဒေဟာလည်း အဟန့်အတားတစ်ခုဖြစ်စေပါတယ်။ ဥပဒေအသက်ဝင်ပြီးတဲ့နောက်မှာ လိုက်နာဖို့ဆိုတာက ဥပဒေစိုးမိုးရေးက အခရာကျပါတယ်။ အဓိကပြဿနာက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက တစ်ပြေးညီမဖြစ်ဘူး။ ဥပဒေကို လိုက်နာဖို့ကလည်း လူတိုင်းရဲ့ ပင်ကိုအသိဉာဏ်မြင့်မားဖို့ လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်က အဓိကကျတယ်။ တရားဥပဒေစိုးမိုးမှုမရှိရင် ဒီဥပဒေပြဋ္ဌာန်းလည်း နောက်ဥပဒေတစ်ခုနဲ့ ငြိစွန်းပြီး မှုခင်းတွေရှိနေမှာ ပဲ။ အစိုးရကို တရားဥပဒေစိုးမိုးမှု ပြည့်ဝအောင်လုပ်ပါ။ တရားဥပဒေ မဏ္ဍိုင်ကို တည့်မတ်အောင် လုပ်ပါ။ တရားဥပဒေစိုးမိုးမှုရှိအောင် လူ့ အခွင့်အရေးကို အပြည့်အ၀ရအောင်လုပ်ပေးပါပဲ ပြောချင်တယ်။

ဦးအောင်သန်း

(ဗဟိုတရားရုံးရှေ့နေ)

အန်ကယ်တို့အမြင်ကတော့ အတိုင်းအတာအထိ လိုအပ်တဲ့အချိန်၊ ကာလရောက်လို့ ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ ပြဋ္ဌာန်းတယ်လို့မြင် တယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးများအတွက် ကာကွယ်တဲ့ ဥပဒေတွေ က ရှိပြီးသား။ အခုတစ်ခါ ဒါကလိုအပ်လို့ ထပ်ပြီး ပြဋ္ဌာန်းတယ်လို့မြင် တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းတယ်ဆိုတာ အဲဒီဥပဒေကိုလိုက်နာနိုင်ဖို့ အခြေခံတွေရှိတယ်။ အဲဒီအခြေခံတွေကို ဒီဥပဒေပြဋ္ဌာန်းတဲ့ဘက်က ဘယ်လောက်ထိ လုပ်ပေးပြီးပြီလဲ။ ဘယ်လောက်ထိ ပြင်ဆင်ပေးပြီးပြီလဲ။ ပြင်ဆင်ပေးတဲ့အခြေအနေပေါ် မူတည်ပြီး ဥပဒေရဲ့ အကျိုးသက် ရောက်မှုရရှိမှာပဲ။ ဒါက အမျိုးသမီးထုနဲ့ သက်ဆိုင်တော့ အမျိုးသမီးတွေ လိုက်နာဆောင်ရွက်တဲ့အပေါ်မှာလည်း မူတည်တယ်။ ခုနစ်နှစ်သတ်မှတ် တာဆိုတော့ အမြင့်ဆုံးပါ။ တရားရုံးက ချမှတ်တဲ့အပေါ်မှာလည်း မူ တည်သေးတယ်။ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်ပြီး တရားရုံးက ချမှတ်တဲ့အခြေအနေကလည်း ရှိသေးတယ်လေ။ ခုနစ်နှစ်ဆိုတာ ဘားလုပ်ထားတဲ့ သဘောပါ။ အနည်းဆုံးဘယ်လောက်ဆိုတာ မပါဘူး။ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားမှုတွေရှိခဲ့တယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ အဓိကကအမျိုးသမီးတွေနဲ့ ပတ်သက်နေတာ တွေ့ရတယ်။ တစ်လင် တစ်မယားစနစ်၊ ဘာသာကူးပြောင်းခြင်း ဥပဒေ အဲဒါတွေက လွဲနေတယ်ထင်တယ်။ အဲဒီပြဿနာတွေကြောင့် ဒီဥပဒေပေါက်ဖွားလာတယ် လို့ အန်ကယ်မြင်တယ်။ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိတယ်။ အဲဒီပြဿနာတွေကို ထိန်းချုပ်ဖို့ ဒီဥပဒေကလည်း အထောက်အကူပြုနိုင်ပါလိမ့်မယ်။

စာရေးဆရာမ

ခင်သန္တာ

တစ်လင်တစ်မယားစနစ်ဟာ လင်မယားနှစ်ယောက်နဲ့သာ သက် ဆိုင်တာမို့ ဘယ်ကမှ ဥပဒေပြဋ္ဌာန်းပေးစရာမလိုဘူးလို့ ထင်ပါတယ်။  ဒီဥပဒေဟာ အိမ်ထောင်ရှင်အမျိုးသမီးတွေကို လုံခြုံထိရောက်တဲ့ ကာ ကွယ်မှုမပေးနိုင်လောက်ပါဘူး။ နမူနာပြောရရင် ဟိုးမြန်မာဘုရင်များ လက်ထက် စုဖုရားလတ်က တစ်လင်တစ်မယားစနစ်စတင်ကျင့်သုံးဖို့ တင်းကျပ်ခဲ့ပေမယ့် သူမအောင်မြင်ခဲ့ပါဘူး။ သီပေါဘုရင်ရဲ့ တိတ်တိတ် ပုန်းချစ်ဇာတ်လမ်းကို လူတိုင်းသိခဲ့ကြပါတယ်။ နန်းတော်တစ်ခုလုံးဥပ ဒေပြဋ္ဌာန်းတဲ့ စုဖုရားလတ်က နောက်ဆုံးမှ သိရသတဲ့။

မုဒိမ်းမှုထက် ချမှတ်ထောင်ဒဏ်ပိုနေခြင်းက ရာဇ၀တ်မှုတွေ ကို အားပေးရာရောက်သလို ဥပဒေကို လက်တစ်လုံးခြားဖန်တီးလို့ ကောင်းလာပါလိမ့်မယ်။ ဥပဒေရေးရာတွေကို သိပ်နားမလည်လို့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ထောက်ပြဝေဖန်ခြင်း မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ လူသားနှစ်ဦး စိတ်ဆန္ဒ၊ ချစ်ခြင်းနွှယ်တဲ့ မိသားစုအရေးကိစ္စတွေကို ဥပဒေပြဋ္ဌာန်းဖို့ မလိုဘူးထင်ပါတယ်။

မငြိမ်းငြိမ်းသော် (အိမ်ရှင်မ)

မန္တလေးမြို့

မြန်မာနိုင်ငံအတွက်ဆိုရင်တော့ အရေးတကြီး မလိုအပ်ဘူးလို့တော့ ထင်တယ်။ သီပေါမင်းလက်ထက်ကတည်းက တစ်လင်တစ်မယားစနစ် ကို ကျင့်သုံးခဲ့တယ်။ အခုထိလိုက်နာနေတဲ့ သူတွေ အများကြီးရှိပါသေး တယ်။ ဒီဥပဒေထွက်ပေါ်လာတဲ့အတွက် အိမ်ထောင်သည်အမျိုးသမီး အများစုအတွက် ကောင်းပါတယ်။ အိမ်ထောင်သည်ယောက်ျားတွေ ဖောက်ပြန်မှု ကင်းပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုဖြစ်စေမယ်။ ဒီဥပဒေကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုတွေတော့ လျော့ ပါးသွားနိုင်သလို တိတ်တိတ်ပုန်းအိမ်ထောင်ရေးဖောက်ပြန်မှုတွေလည်း ပိုများလာနိုင်မယ်လို့တော့ ထင်နေတယ်။

ဦးခင်မောင်ထွေး

(ထွေးဦးမြန်မာရုပ်သေးအဖွဲ့ တည်ထောင်သူ)

ဗုဒ္ဓရဲ့ အဆုံးအမအရရော ရှေးရိုးအစဉ်အလာဓလေ့ထုံးတမ်းတွေ အရ တစ်လင်တစ်မယားစနစ်ဟာ ရှိခဲ့ပြီးသားပါ။ အများစုလည်း လိုက် နာနေကြတယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဥပဒေထုတ်ပြီး ထိန်းသိမ်းရ တော့မယ့် အခြေအနေမျိုး ရောက်နေလို့လားလို့ တွေးမိပါတယ်။ မြန်မာ အမျိုးသမီးတွေအတွက် ဒီဥပဒေလိုအပ်နေလို့လား။ ဥပဒေကကော အ ပြည့်အ၀ကာကွယ်ပေးနိုင်ပါ့မလားလို့ တွေးမိပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ဘာကြောင့်ဖြစ်သလဲ။ နိုင်ငံတကာမှာကော ဒီလိုဥပဒေ နဲ့ တားသလား၊ ထိရောက်သလား တွေးမိပါတယ်။ ဒီဥပဒေအရေးတ ကြီးလိုအပ်နေသလား။ ဒီဥပဒေထက် အရင်အရေးတကြီးလုပ်ရမယ့် အရေးတွေ မရှိတော့ဘူးလား။ ဒီဥပဒေကြောင့် ဘယ်သူတွေ အမြတ်ရသွားနိုင်သလဲ။ စောင့်ကြည့်ရမယ့် အခြေအနေလို့သာ ပြောပါရစေ။

ကိုမင်းနောင်

(အငှားယာဉ်မောင်း)

တစ်လင်တစ်မယားစနစ်နဲ့ ပတ်သက်ပြီး ထောင်ခုနစ်နှစ်ကျမယ်လို့ သိထားတယ်။ တစ်လင်တစ်မယားစနစ်ရှိဖို့ဆိုတာ လိုအပ်တယ်။ ယော က်ျားဘက်က စည်းဖောက်တာရှိသလို တချို့မှာ မိန်းမဘက်က စည်း ဖောက်တာလည်းရှိတယ်။ အဲဒါကို ထိန်းနိုင်ဖို့ဆိုတာ ဒီလိုဥပဒေတွေရှိ မှရမှာလေ။ ကောင်းပါတယ်ရှိတာတော့။ ဒီဥပဒေပြဋ္ဌာန်းလိုက်တော့ အပြည့်အ၀မဟုတ်ရင်တောင် အတိုင်းအတာတစ်ခုထိတော့ အမျိုးသမီး တွေကို အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီဥပဒေကြောင့် အိမ်ထောင် ရေးဖောက်ပြန်မှုနည်းနည်းတော့ လျော့ကျသွားမယ်ထင်တယ်။ ဒီလိုကိစ္စ တွေဆိုတာ လူတွေရဲ့ စိတ်နဲ့ပဲဆိုင်တယ်လေ။ ကိုယ့်စိတ်ကိုပြင်ရင် ဒီ ဥပဒေတွေတောင် မလိုပါဘူး။ ခုနစ်နှစ်ပြစ်ဒဏ်ချမှတ်တာကြီးကတော့ လူသတ်မှုလည်း မဟုတ်ဘူး။ များတယ်လို့မြင်တယ်။ နည်းနည်းပြင်းတယ်လို့ ထင်တယ်။ ဒီဥပဒေပြဋ္ဌာန်းတဲ့အပေါ် ကောင်းတယ်လို့ မြင်ပါတယ်။

မနန်းနွိုင်းခမ်း

(တရုတ်စကားပြန်)

အသစ်ပြဋ္ဌာန်းထားတဲ့ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ အချက် ၂၁ ချက်ပါတာတော့ သိတယ်။ ကျန် တာတွေတော့ သေချာမဖတ်ကြည့်ရသေးတော့ သေချာမသိသေးပါဘူး။  ဒီဥပဒေကတော့ မြန်မာပြည်မှာရှိသင့်ပေမယ့် အရေးတကြီးလုပ်ဆောင် ရမယ့် ဥပဒေလို့တော့ မမြင်ပေမယ့် အခုလိုထုတ်ပြန်လိုက်တော့လည်း ကောင်းပါတယ်။ ဒီဥပဒေထွက်လာတော့ မြန်မာအမျိုးသမီးတွေ၊ အိမ် ထောင်ရှင်အမျိုးသမီးတွေအတွက်တော့ အရင်ကထက်ပိုပြီး အကာအ ကွယ်ရှိနိုင်မယ်ထင်ပါတယ်။ ဒါပေမဲ့ဥပဒေကို မလေ့လာရသေးတဲ့ အတွက် သေချာတော့ မပြောနိုင်သေးဘူး။ ဒီဥပဒေကြောင့်လည်း အိမ် ထောင်ရေးဖောက်ပြန်မှုတွေ အရင်ထက်တော့ နည်းသွားနိုင်မယ်ထင်ပါ တယ်။ ပြစ်ဒဏ်တွေ ချမှတ်တာကတော့ ဥပဒေပါဆိုတော့ နည်းတယ်၊ များတယ်ဆိုတာထက် ဒီဥပဒေကြောင့် နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးတွေကတော့ သက်ရောက်မှုရှိလာမယ်ထင်ပါတယ်။ ဥပဒေ ထုတ်ထား တယ်ဆိုပေမယ့် လိုက်နာတာ၊ မလိုက်နာတာကတော့ လူတွေရဲ့ စိတ်နဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ပါတယ်။

မအိမွန်ကျော်

(ပရဟိတဆရာမ)

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအသစ်ပြဋ္ဌာန်း လိုက်တာတော့ သိတယ်။ ဘုန်းကြီးတွေ ဦးဆောင်အကြံပြုလုပ်တာကို လည်း သိပါတယ်။ ဒီဥပဒေကြီးက မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတယ်လို့တော့ မထင်ဘူး။ ဒီဥပဒေက အိမ်ထောင်ရှင်တွေ အ ထူးသဖြင့် မြန်မာအမျိုးသမီးတွေအတွက်ကိုလည်း ရာခိုင်နှုန်းပြည့်ကာ ကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေလည်း ရှိနေနိုင်သေးတယ်။ ဒါကြောင့် ဒီဥပဒေကိုလည်း ပြည်သူတွေ တကယ် အသုံးချမှုရှိ၊ မရှိကို ဘယ်လိုပြန်လည်ဆန်းစစ်မှာလဲဆိုတာ သိချင်ပါ တယ်။ ပြောစရာကတော့ ပြည့်တန်ဆာတွေအတွက်ရော ဘယ်လိုလုပ် ပေးမလဲ။ အခုဥပဒေပြဋ္ဌာန်းရင်တောင် သေသေချာချာလိုက်နာမှုရော ရှိနိုင်ပါ့မလား။ ပြစ်ဒဏ် ခုနစ်နှစ်ကတော့ များတယ်လို့ ထင်တယ်။ တ ခြားပြစ်ဒဏ်တွေတောင် ဒီလောက်မများတာကို။

ကိုပြည့်ဖြိုးနိုင်

(Social Media Executive, Y&R Yangon)

ဥပဒေနဲ့ ပတ်သက်ပြီး ဖတ်ပြီး နားလည်ပြီးသမျှကတော့ ဘာမှ ထိ ရောက်မှုမရှိဘူးလို့ မြင်ပါတယ်။ လင်ပိုင်၊ မယားပိုင်ပစ္စည်းတွေ လက် ထပ်ပွားတွေအတွက်တော့ အရင်ကထက်စာရင် ပိုပြီးကောင်းမွန်လာပါ တယ်။ အရေးတကြီးလိုအပ်တဲ့ ဥပဒေတော့ မဟုတ်ပါဘူး။ ဒီထက်အရေး ကြီးပြီး ပြဋ္ဌာန်းသင့်တဲ့အချိန်မှာ ဘာလို့ ဒီဥပဒေကို အတင်းလုပ်သွားတာ လဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ပြီးတော့ အိမ်ထောင်ရှင်အမျိုးသ မီးတွေကို ကာကွယ်ပေးတာထက်စာရင် ခြိမ်းခြောက်ငွေညှစ်မှုတွေ ပိုပြီး တွန်းအားပေးတယ်လို့ မြင်မိတယ်။ ထုံးစံအရ အိမ်ထောင်ရေးဖောက် ပြန်မှုကို အများဆုံးကျူးလွန်ကြတာ အမျိုးသားတွေဖြစ်ပြီး ဒီလိုပြဋ္ဌာန်း လိုက်လို့ အိမ်က အမျိုးသမီးတွေအနေနဲ့ တစ်ရှက်ကနေ နှစ်ရှက်မဖြစ်ချင်လို့ မယားငယ်က တောင်းဆိုသမျှ လိုက်လျောပေးရမယ့် ဥပဒေဖြစ် လာမယ်ထင်တာပဲ။ ဒါပေမဲ့ ခုနစ်နှစ်ပြစ်ဒဏ်ကြောင့် မယားငယ်တွေထားတာကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မယ်ဆိုတဲ့ ကောင်းကွက်တစ်ခုတော့ ရှိပါတယ်။ ပြည့်တန်ဆာဥပဒေတရားဝင်မရှိတဲ့ ဟာကွက်ကြီးက အစိုးရကို လူတွေ ထောက်ပြစရာတစ်ကွက်ဖြစ်လာမယ်။ ကောင်းတာရော၊ မကောင်းတာရော များနေတဲ့ဥပဒေပေါ့။ မကောင်းတာက ပိုများပြီး အိမ် ထောင်ရေးဖောက်ပြန်တာတွေ လျော့လာပေမယ့် တစ်ဖက်မှာ တရားဝင်အိမ်ထောင်ရေးပြိုကွဲမှုတွေ များလာဖို့ တွန်းအားပေးပြီး မရောင်ရာကိုဆီလူးတဲ့ အစိုးရရဲ့ ရွေးကောက်ပွဲနီးမှ လူတွေကို ပွဲဆူအောင်လုပ်တဲ့ လှည့်ကွက်လို့ သုံးသပ်မိပါတယ်။

မဇင်သော်

(အရောင်းဝန်ထမ်း)

တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့တော့ဘာမှ မသိသေးပါဘူး။ ဒီဥပဒေက မြန်မာနိုင်ငံအတွက် ချက်ချင်းထုတ် ပြန်ရမယ့် အရေးတကြီးလိုအပ်နေတာ မဟုတ်ပေမယ့် အခုလိုထုတ်ပြန် လိုက်တာလည်း ကောင်းတယ်လို့ မြင်ပါတယ်။ အခုလိုဥပဒေတွေ ထုတ်လိုက်တဲ့အခါမှာတော့ မြန်မာပြည်က အိမ်ထောင်ရှင်အမျိုးသမီးတွေ အတွက်တော့ အရင်ကထက်ပိုပြီးတော့ အခွင့်အရေးတွေ ရလာလိမ့်မယ် လို့ ထင်ပါတယ်။ ဥပဒေတွေ ထုတ်လိုက်မှ ဖောက်ပြန်မှုတွေ လျော့နည်း သွားမယ်လို့တော့ မမြင်မိပါဘူး။ လင်မယားတွေ ကွဲကွာကြတာ၊ ဖောက် ပြန်တာတွေ တွေ့ဖူးပါတယ်။ အိမ်ထောင်သည်တွေ ဖောက်ပြန်တဲ့အခါမှာ ကလေးတွေက ကြားထဲကနေပဲ ခံစားရတဲ့အတွက် တစ်လင်တစ် မယားစနစ်ကို လက်ခံပါတယ်။ ထောင်ဒဏ်ချမှတ်တဲ့အပေါ်မှာတော့ ခုနစ်နှစ်ဆိုတာကတော့ များတယ်မြင်တယ်။ လူသတ်တဲ့သူတွေတောင် ဒီလောက်ထောင်ဒဏ်နှစ်တွေတော့ မချမှတ်ဘဲ အိမ်ထောင်ရေးဖောက်ပြန်သူတွေကျတော့ အခုလိုထောင်ဒဏ်အများကြီးချတာတော့ များတယ်လို့မြင်တယ်။ ဒီဥပဒေအတွက်လည်းကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်။ အခုလိုတစ်လင်၊ တစ်မယားစနစ်ကို သတ်မှတ် ပေးလိုက်တာကတော့ ကောင်းတယ်လို့ မြင်ပါတယ်။

ကိုသုလှိုင်

(အငှားယာဉ်မောင်း)

အိမ်ထောင်ရေးဖောက်ပြန်တဲ့ သူတွေကို ထောင်ခုနစ်နှစ်ကျခံရ မယ်ဆိုတာ လူပြောများနေလို့ သိထားတယ်။ ဗုဒ္ဓဘာသာအယူအဆအ ရပြောရင် ငါးပါးသီလလုံရင် ဒါမျိုးက မလိုအပ်ဘူး။ ဒါပေမဲ့ ဘုရားဟော ထားသလို တဏှာရာဂဆိုတာ ထိန်းချုပ်ဖို့ သိပ်ခက်တယ်။ အစိုးရအနေ နဲ့ ဥပဒေပြဋ္ဌာန်းသလို တစ်ဖက်မှာလည်း လိင်ကိစ္စဖျော်ဖြေမှုတွေအတွက်  ဘယ်လိုလုပ်ဆောင်ပေးမလဲပေါ့။ ဥပဒေကို တကယ်အကောင်အထည် လုပ်ရင်တော့ ကောင်းပါတယ်။ ဥပဒေပြဋ္ဌာန်းထားလို့ အမျိုးသမီးတွေ ကို ကာကွယ်ပေးနိုင်မယ်လို့တော့ မထင်မိဘူး။ ဖောက်ပြန်တယ်၊ မဖောက်ပြန်ဘူးဆိုတာ စိတ်နဲ့ ဆိုင်တာပဲ။ ပိုက်ဆံရှိလာရင် အပျော်အပါးရှာတာမျိုးတွေရှိတယ်။ ကိုယ့်သားသမီးကို ထိန်းချုပ်ဖို့ မိဘတွေနဲ့လည်း ဆိုင် တယ်။ ဒီဥပဒေကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ လျော့ပါးမယ်လို့ မယူဆဘူး။ ထောင်ခုနစ်နှစ်ချတယ်ဆိုတာ အစိုးရပိုင်းနဲ့ဆိုင်တော့ အစ်ကိုလည်း မပြောတတ်ဘူး။ ဟိုအရင်ခေတ်တွေကတော့ အိမ်ထောင် ရေးဖောက်ပြန်တဲ့သူတွေကို လူအများရှေ့မှာ အရှက်တကွဲအကျိုးနည်း ဖြစ်အောင် လုပ်တယ်လို့ ဇာတ်တော်တွေထဲမှာ ဖတ်ဖူးတယ်။ ဒီဥပဒေရှိ လို့ အဟန့်အတားတစ်ခုဖြစ်လာနိုင်လို့ ကောင်းပါတယ်။ အရမ်းကြီးအဆိုးမြင်တာမျိုး မရှိပါဘူး။

ဒေါ်ဆုမွန်ချစ် (ဒါရိုက်တာ)

ကမ္ဘာ့မြန်မာခရီးသွားကုမ္ပဏီ။

မြန်မာနိုင်ငံဟာ နဂိုကတည်းက ယဉ်ကျေးမှုအရ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးလာတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလိုမျိုးဥပဒေပြဋ္ဌာန်းမယ် ဆိုတော့ မြန်မာအမျိုးသမီးတွေအတွက်ရော၊ မြန်မာအမျိုးသားတွေအ တွက်ရော တကယ်ပြဋ္ဌာန်းဖို့ လိုအပ်ပါသလားလို့ တွေးမိပါတယ်။ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရလောက်အောင်ကို ကိုယ်ကျင့်တရားနဲ့ စောင့်ထိန်းရမယ့် သီလ တွေ ချိုးဖောက်နေကြလို့ စည်းမျဉ်းစည်းကမ်းထုတ်ပြီး ဥပဒေနဲ့ ထိန်း သိမ်းကာကွယ်ပေးရသလိုဖြစ်နေပါတယ်။ ဒီဥပဒေကို နှစ်သက်တဲ့သူ အများကြီးရှိနိုင်သလို မနှစ်သက်သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ တစ်ခုရှိတာကတော့ ဒီဥပဒေကို အသုံးချပြီး လူအချင်းချင်းဒုက္ခပေးပြီး မတရားသက်သက်နာမည်လိုက်ဖျက်မယ်ဆိုတာမျိုးတွေ ဖြစ်လာနိုင်ပါ တယ်။ ဒီဥပဒေဟာ နောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် အဓိပ္ပာယ်ရှိရှိပေါ်ပေါက်လာခဲ့တာပါ။ ဒီနောက်ခံအကြောင်းရင်းကို တခြား နည်းလမ်းနဲ့ ဖြေရှင်းတာမျိုး ဖြစ်သင့်ပြီး နိုင်ငံရေးကစားကွက်ရဲ့ အသုံးချခံဥပဒေမဖြစ်ပါစေနဲ့လို့ မျှော်လင့်မိပါတယ်။

ကိုဝေလင်းထွန်း

နေပြည်တော်။

အထွေအထူးတော့ မသိဘူး။ ဒီဥပဒေက လိုတော့ လိုအပ်တယ်။ အရေးတကြီးတော့ မဟုတ်ပါဘူး။ ဒီလိုဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်နိုင်တယ်။ အိမ် ထောင်ရှင်အမျိုးသားတွေအတွက် ထိန်းချုပ်ချက်တစ်ခုတော့ ဖြစ်သွား တာပေါ့။ ပြစ်ဒဏ် ခုနစ်နှစ်ကတော့ ဒီကိစ္စက ကြီးလေးတယ်လို့ ပြဋ္ဌာန်း တယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ ဒီကိစ္စတွေနေရာတိုင်းမှာ ဖြစ်နေတာ ဆိုတော့ အမျိုးသမီးကလည်း ဒီလိုကိစ္စကြုံလာရင် ဘယ်လိုလုပ်ရမယ် ဆိုတာ သိအောင် လုပ်ပေးသင့်တယ်။ ကောင်းကျိုးကတော့ အိမ်ထောင် ရေးတွေ ခိုင်မြဲမယ်ထင်တယ်။ ဥပဒေတစ်ခုက ပြဋ္ဌာန်းလိုက်ပြီဆိုရင် တကယ်ထိထိမိမိလိုက်လုပ်မှလည်း အကျိုးသက်ရောက်မှုရှိမှာ။ အဲဒီလို မဟုတ်ရင်တော့ ဥပဒေကတော့ စာအုပ်ထဲမှာပဲရှိလိမ့်မယ်။
Credit : 7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...