အဂတိ လိုက်စား၍ အမှုအား စီရင်ခဲ့သည်ဟုဆိုကာ ခင်ဦးမြို့နယ် တရားသူကြီးအား အရေးယူပေးရန်အတွက် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ကံသစ်ကျေးရွာ ဒေသခံများမှ ခင်ဦးမြို့နယ် တရားရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် မစန္ဒာလှိုင်နှင့် တစ်ရွာတည်း နေထိုင်သူကို စည်သူအောင်တို့မှ လူငယ်သဘာဝ မေတ္တာမျှခဲ့ကြပြီးနောက် မစန္ဒာလှိုင်မှာ ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ရွှေဘိုမြို့ရှိ အောင်မြေဆေးခန်း၌ သမီးကလေးတစ်ဦး မွေးဖွားခဲ့ကြောင်း၊ သမီးတစ်ဦး မွေးဖွားခဲ့ပြီးချိန်တွင် ကိုစည်သူအောင်မှ ရိုးမြေကျ ပေါင်းသင်းပါမည်ဟု ယုကြည်ရန် ပြောဆို၍ ၎င်း၏ ကာမအား လိမ်လည်ရယူခံခဲ့ရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရကြောင်း ယင်းကဲ့သို့ ကာမလိမ်လည် ရယူခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် တရားရုံးသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ပုဒ်မ ၄၁၇ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြစ်မှုပုဒ်မ ၄၁၇ ဖြင့် ခင်ဦးမြို့နယ် တရားရုံးတွင် ရှစ်လကြာ အမှုအား ရင်ဆိုင်ခဲ့ရပြီး သြဂုတ် ၂၄ ရက်တွင် ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းမှ တရားပြိုင်ဖြစ်သူ ကိုစည်သူအောင်အား အမှုမှ အနိုင်ဒီကရီပေးကာ အပြီးပြတ် လွတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သမ္မတနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံသို့ တိုင်ကြားထားသည့် အမှုတိုင်ကြားစာများအရ သိရသည်။
“အခု ကျွန်မလို အဖြစ်မျိုးကို အမျိုးသမီးတွေ အနေနဲ့ နောင်ဘယ်သောအခါမှ မဖြစ်ရလေအောင် နောက်ပြီး အဂတိလိုက်စားတဲ့ ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းကို အရေးယူပေးဖို့အတွက် နေပြည်တော်က အစိုးရ သိစေဖို့ တောင်းဆို ဆန္ဒပြရတာပါ” ဟု ပုဒ်မ ၄၁၇ ဖြင့် ခင်ဦးမြို့နယ် တရားရုံး၏ အမှုစီရင်ခဲမှုအား ဦးဆောင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ကံသစ်ကျေးရွာမှ မစန္ဒာလှိုင်က ပြောကြားသည်။
ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်း၏ အမှုစီရင်မှုမှာ အဂတိလိုက်စား၍ အမှုအား စီရင်ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ဆိုကာ ကံသစ်ကျေးရွာ ဒေသခံများမှ အဂတိလိုက်စားသော ခင်ဦးမြို့နယ် တရားသူကြီးအား အရေးယူပေး၊ အဓမ္မ အနိုင်ပြုကျင့်ခံရသော အမျိုးသမီးများ မပေါ်ပေါက်ရေး ဒို့အရေး၊ အမျိုးသမီးထု အခွင့်အရေး တန်းတူညီမျှ ရရှိရေး ဒို့အရေး၊ တရားဥပဒေ စိုးမိုးရေး ဒို့အရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးရှေ့မှ စတင်ကာ မြို့နယ်တရားရုံးရှေ့အထိ လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ခင်ဦးမြို့နယ် တရားရုံး၏ အမှုစီရင် ဆုံးဖြတ်ချက်အား ကံသစ်ကျေးရွ ဒေသခံများက ဆန္ဒထုတ်ဖော်ရာတွင် အဆိုပါ အမှုအား ကိုင်တွယ် စစ်ဆေးခဲ့သည့် ဒေါ်မေစိမ့်စမ်းမှာ ခွင့်ယူထားခြင်းကြောင့်ဟုဆိုကာ ယင်း၏ ကိုယ်စားအဖြစ် ရွှေဘိုမြို့မှ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ထိပ်ထားလေးက ခင်ဦးမြို့နယ် တရားရုံးသို့ ခေတ္တရောက်ရှိနေကြောင်းလည်း သိရသည်။
“ကျွန်မတို့ တရားရုံး အနေနဲ့က အမှုကို တရားဥပဒေနဲ့ အညီပဲ စီရင်ဆုံးဖြတ်ချက် ချတာပါ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆန္ဒပြတာကလည်း သူတို့ရဲ့ အခွင့်အရေးအတိုင်း ဒီမိုကရေစီနဲ့အညီ ဆန္ဒပြတာပဲ ဖြစ်ပါတယ်။ မြို့နယ်တရားရုံးရဲ့ အမှုစီရင် ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် သက်ဆိုင်ရာ အထက်တရားရုံးတွေမှာ အယူခံ ဆက်တက်ပြီး သွားလို့ရပါတယ်” ဟု ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းကိုယ်စား ရွှေဘိုမြို့မှ တွဲဖက်တရားသူကြီးအဖြစ် ခင်ဦးမြို့နယ် တရားရုံးသို့ လာရောက်ခဲ့သည့် တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ထိပ်ထားလေးက ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် အတွင်းရှိ ခင်ဦးမြို့နယ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အဆိုပါမြို့နယ် အတွင်းရှိ ဒေသခံများမှ မကျေနပ်ခြင်းကြောင့် ၂၀၁၄ ခုနှစ် မေလတွင် ခင်ဦးမြို့ ဒေသခံများမှ ပထမဆုံး အကြိမ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခု ၂၀၁၅ ခုနှစ် ဇွန်တွင် မဒေါင်းကြီးကျေးရွာမှ ဒုတိယအကြိမ်အဖြစ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ယခု ကံသစ်ကျေးရွာမှ ဆန္ဒထုတ်ဖော်မှုမှာ သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
Writer:
ဌေးလှအော
No comments:
Post a Comment