Sunday, September 13, 2015

ကျောင်းပြင်ပမူလတန်းနှင့်အလယ်တန်းတွင်ပညာသင်နေသူလေးထောင်ကျော်ရှိ

ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းတွင် တက်ရောက်ပညာသင်နေသူ လေးထောင်ကျော် ရှိကြောင်း ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီ(NFPE)မှ သတင်းရရှိသည်။


‘‘ကျောင်းပြင်ပ မူလတန်း ပညာရေးအစီအစဉ်က (၁၀) နှစ်ကနေ (၁၄) နှစ် ကလေးတွေကို ဒုတိယအကြိမ်အခွင့် အရေးပေးတဲ့ သင်တန်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ကျောင်းသား လေးထောင်ကျော်ဟာ အလယ်တန်း၊ အထက် တန်းကို တက်ရောက်နေပါပြီ’’ဟု NFPE  စီမံချက်ညွှန်ကြားရေးမှူး  ဦးတင်ညိုက ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးအဖြစ် ကျောင်းမနေဖူးသည့် ကလေးများအား မူလတန်းအောက်ဆင့်နှင့် မူလတန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက်ခဲ့ရ သည့် ကလေးများအတွက် မူလတန်းအထက်ဆင့်ဖြင့် ၂ နှစ်ကြာ သင်ကြားနေခြင်းဖြစ်သည်။

အဆိုပါအတန်းများ အောင်မြင်ပြီးပါက အခြေခံပညာ မူလ တန်းအဆင့် အောင်မြင်ပြီးမြောက်သည်ဟု သတ်မှတ်၍ အခြေခံ ပညာကျောင်းများတွင် ပဉ္စမတန်း မှ စတင် တက်ရောက်နိုင်မည်ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေးဗဟိုကြီးကြပ်မှုကော်မတီမှသိရသည်။ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်သည်ကျောင်းလုံးဝမနေခဲ့ရသေးသူများ၊ မူလတန်းမပြီးဆုံးမီကျောင်း ထွက်ခဲ့ရသည့် အသက် (၁၀) နှစ်မှ (၁၄) နှစ်အရွယ် ကလေးများအား မူလတန်းပညာရေး သင်ကြားပေး နေခြင်းဖြစ်သည်။

ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီ (NFPE)အနေဖြင့် ကျောင်း ပြင်ပမူလတန်း ပညာရေးကို ၂၀၀၈တွင် မြို့နယ် ငါးမြို့နယ်၌ စတင်သင်ကြားပေးခဲ့ပြီး ၂၀၁၄ တွင် မြို့နယ်ပေါင်း ၈၉ မြို့နယ်နှင့် ၂၀၁၅ တွင် ၉၄ မြို့နယ် တိုးချဲ့သင်ကြား ခဲ့သည်။

၂၀၁၅ တွင် ကျောင်းပြင်ပ မူလတန်းပညာရေးစာသင်ခန်း ၅၇၁ ခုဖွင့်လှစ်၍ သင်တန်းသား တစ်သောင်းကျော်ကို ဆရာအင်အား တစ်ထောင်ကျော်ဖြင့် ဇွန်လတွင် စတင်ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်။ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ယူနီဆက်နှင့် ပြင်ပအလှူရှင်များက ထောက်ပံ့ကူ ညီမှုများ ပြုလုပ်နေလျက်ရှိပြီး သင်ယူတက်မြောက်ခဲ့သူ စုစုပေါင်း ၅၆,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း NFPE မှသိရသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...