Monday, September 7, 2015

အိန္ဒိယရှိပြည်နယ်နှစ်ခုတွင်မိုးကြိုးပစ်မှုများကြောင့်တစ်ရက်အတွင်းလူ၃၂ဦးထက်မနည်းသေဆုံး

အိန္ဒိယရှိ ပြည်နယ်နှစ်ခုတွင် မိုးကြိုးပစ်မှုများကြောင့် တစ်ရက်အတွင်း လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


စက်တင်ဘာ ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ အန်ဒရာ ပရာဒက်ရှ်နှင့် အော်ရစ်ဆာ ပြည်နယ်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ အန်ဒရာ ပရာဒက်ရှ်ရှိ ခရိုင် ၇ ခုတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၂၃ ဦး အသက်ဆုံးရှုံးပြီး အော်ရစ်ဆာ ပြည်နယ် အရှေ့ပိုင်းတွင် နောက်ထပ် ၉ ဦး သေဆုံးခဲ့သည်။

တာဝန်ရှိသူများက မိုးကြိုးပစ်ချမှု အများစုသည် စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများစုမှာ မိုးရွာသွန်းချိန်တွင် လယ်ထဲဆင်းပြီး အလုပ်လုပ်နေသည့် လယ်လုပ်သားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အန်ဒရာ ပရာဒက်ရှ်တွင် နယ်လိုရီ၊ ပရာကာဆမ်၊ ဂူန်တာ၊ ကရစ်ရှ်နား၊ အရှေ့ဂိုဒါဗာရီ၊ အန်နန်တာပွာ၊ သီရိကာကုလမ် ခရိုင်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများအနက် အနည်းဆုံး အမျိုးသမီး ၆ ဦးထိ ပါဝင်ကြောင်းလည်း သိရသည်။

ဂူန်တာတွင် အမျိုးသမီး ခရစ်ကက် အသင်းနှစ်သင်း ယှဉ်ပြိုင်နေစဉ် အနီးရှိ ထန်းပင်ကို မိုးကြိုးပစ်ချသော်လည်း ကံကောင်းထောက်မစွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ပွဲကို ရပ်နားခဲ့ရသည်။ “အမျိုးသမီး ကစားသမားတွေအပြင် နည်းပြအဖွဲ့တွေ၊ ဝန်ထမ်းတွေ တစ်ယောက်မှ အသေအပျောက် မရှိလိုက်တာ တကယ့်ကို ကံထူးလွန်းတယ်”ဟု အိန္ဒိယ ခရစ်ကက် အဖွဲ့ချုပ်မှ အကြီးတန်း အရာရှိ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

အော်ရစ်ဆာတွင် မိုးကြိုးပစ်မှုများကြောင့် လူ ၉ ဦး သေဆုံးကာ အနည်းဆုံး ၈ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများကဆိုသည်။ အိန္ဒိယတွင် မုတ်သုံမိုး ရွာသွန်းချိန်များတွင် မိုးကြိုးပစ်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ အိန္ဒိယသည် တစ်နှစ်ပတ်လုံး မိုးရေချိန်၏ စုစုပေါင်း ၈၀ ရာခိုင်နှုန်းမျှကို ဇွန်လနှင့် စက်တင်ဘာလအတွင်း မုတ်သုံကာလတွင် ရရှိတတ်ကြောင်းလည်း သိရှိရသည်။

_Ref: AP
credit----7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...