Wednesday, September 9, 2015

ရဲတပ်ဖွဲ့ကိုဘယ်လိုပြုပြင်ပြောင်းလဲမလဲ

မြို့နယ်အဆင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ နာရေးကို ပြည်ထဲရေးဒုတိယဝန်ကြီးနှင့် ရဲချုပ်တို့က စက်တင်ဘာ၏ မိုး ဖွဲဖွဲများအောက် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ထိုမြင်ကွင်းက ရဲတပ် ဖွဲ့ဝင်များအတွက် ထူးဆန်းအံ့သြ ဖွယ်ဖြစ်နေပြီး ယခင်ကထိုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမရှိခဲ့ဟု လက်ရှိတာဝန်ထမ်းဆောင်နေ သည့် ရှေ့မီနောက်မီရဲတပ်ဖွဲ့ဝင်များကပြောကြသည်။ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်နှစ် ဦးဖြစ်သည်။ တရားခံပြေးကို တည်းခိုခန်းတွင် ဝင်ဖမ်းစဉ် တရားခံပြေးက ဓားနှစ်ချောင်းကိုဘယ်၊ ညာကိုင်၍ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။


သွေးအိုင်ထဲတွင် ရဲတပ်ဖွဲ့ ဝင်နှစ်ဦး လဲကျသေဆုံးနေပုံက နေ့ခင်းကြောင်တောင်မှာပင် အငိုက်မိအသတ်ခံထားရသည့် ဖြစ်စဉ်ကို အရှင်းသားပေါ်လွင်စေသည်။ တစ်ဦး၏ခြေရင်းတွင် လောက်လေးခွတစ်ချောင်းက သွေးစအချို့ပေစွန်းလျက်၊ အပေါ်ပိုင်းက ရဲယူနီဖောင်းဝတ်ထားသော်လည်း ခြေထောက်အနီးတွင် ဖော့ဖိနပ်တစ်ရန်က သွေးစေးတို့စွန်းလျက်။ ကျန်တစ်ဦးမှာ အရပ်ဝတ်ဖြင့် နံပါတ်တုတ်တစ်ချောင်းကို ရင်ဝယ်ပိုက်လျက်သား သေဆုံးနေခြင်းဖြစ်သည်။ အမှုမျိုးစုံဖြင့် ထောင်အကြိမ်ကြိမ်ကျခဲ့ဖူးသည့် တရားခံပြေးကို ဖမ်းဆီးမည့်သူများတွင် ပါဝင်သောရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ လေးခွနှင့် နံပါတ်တုတ်မှလွဲ၍ မည်သည့်လက်နက်မှမပါခဲ့။

ထိုဖြစ်စဉ်မှာ အဘက်ဘက် မှ လိုအပ်ချက်များရှိနေသည်ဟု ဝေဖန်ခံနေရသည့် ရဲတပ်ဖွဲ့ကို အကြီးအကျယ်ကိုင်လှုပ်ခဲ့ပြီး ပြည် ထဲရေးဝန်ကြီးနှင့်ရဲချုပ်ပါ နုတ် ထွက်ပေးရန် လူမှုကွန်ရက်တွင် တောင်းဆိုမှုအချို့ ရှိခဲ့သည်။ ရဲတပ်ဖွဲ့အတွင်းတွင်ပင် အထက် အရာရှိများနှင့် အောက်ခြေရဲတပ် ဖွဲ့ဝင်များကြား ခံစားခွင့်နှင့် လုပ် ပိုင်ခွင့်ကြီးမားစွာကွာဟနေခြင်း နှင့် အစိုးရတပ်မတော်၏ ထိန်း ချုပ်မှုအောက် ရောက်နေသည့် အပေါ်မကျေနပ်သည့် ရဲမိသားစု ဝင်များနှင့် ပြည်သူလူထုက အစိုးရအပေါ် အကြီးအကျယ်ဝေဖန်ကန့် ကွက်ခဲ့ကြသည်။

ဦးသိန်းစိန်အစိုးရလက်ထက် အစောပိုင်းကာလများက နိုင်ငံ ရေး တက်ကြွလှုပ်ရှားခဲ့သူများ ယခုအချိန်တွင် အကြောင်းမျိုးစုံ ဖြင့် ထောင်သွင်းအကျဉ်းချခံထား ရသောကြောင့် ရဲနှစ်ဦးအသတ်ခံ ခဲ့ရခြင်းအတွက် အစိုးရကို လမ်း ပေါ်ထွက် ဆန္ဒမပြနိုင်ခဲ့ကြပါ။ သို့သော် ပြည်သူလူထုကြား အကြီးမားဆုံး ရိုက်ခတ်ခဲ့ပြီး အစိုးရ၏ အားနည်းချက်ကို နယ်ပယ်ပေါင်း စုံက ဝေဖန်ရှုတ်ချခဲ့ကြသည်။

‘‘ပြည်သူလူထုလုံခြုံရေးကို တာဝန်ယူပေးရမယ့်သူတွေကိုယ် တိုင် အခုလိုဖြစ်တာတော့ ဆိုး တယ်။ ရဲတပ်ဖွဲ့မှာ တကယ်တမ်း တော့ သူတို့(အောက်ခြေရဲတပ်ဖွဲ့ ဝင်များ)ကို တာဝန်ယူတဲ့သူမရှိဘူး ဖြစ်နေတယ်။ သူတို့မှာ အဖေခေါ် စရာမရှိဘူးဖြစ်နေတယ်’’ဟု ရဲတပ်ဖွဲ့၏ ခံစားခွင့်နှင့်ပတ်သက်၍ လွှတ်တော်တွင် ပထမဆုံးဆွေး နွေးခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းဝါနုက ပြော သည်။

တာဝန်ထမ်းဆောင်နေစဉ် ရဲတပ်ဖွဲ့ဝင်များ သတ်ဖြတ်စော် ကားခံရသည့် ဖြစ်စဉ်မှာ သန်လျင် မြို့မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ပထမဆုံး အကြိမ်တော့မဟုတ်ခဲ့ပေ။ အလားတူဖြစ်စဉ်များ အစိုးရသစ်လက်ထက်တွင်ပင်ရှိခဲ့ဖူးပြီး ယခုတစ်ကြိမ်မှသာ နေပြည်တော်အဆင့် တာဝန်ရှိသူများက အရေးတယူရှိခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ် မြေထဲတွင်ပင် တရားခံသွားဖမ်း သည့် ရဲတပ်ဖွဲ့ဝင်များအား ဒေသ ခံများက ပြန်ဖမ်းကာ သစ်ပင်တွင် ချုပ်နှောင်ထားခဲ့ဖူးသည်။ ထိုဖြစ် စဉ်မှာ ၂၀၁၃ ကဖြစ်ပွားခဲ့ပြီးဒေသခံများက ရဲများကိုပင် ပြန်၍လက်နက်ချခိုင်းခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အင်းစိန်မြို့နယ်တွင် တရားခံလာဖမ်းသည့်ရဲ ဓားထိုးခံ၍ သေဆုံးခဲ့ဖူးသည်။ ရှမ်း ပြည်နယ် တောင်ကြီးမြို့တွင် အ ချုပ်ကားဖြင့် ခေါ်လာသည့် မူးယစ် တရားခံကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရဲတပ်ဖွဲ့အား သေနတ်ပြခြိမ်းခြောက်ကာ ခေါ်ထုတ်သွားခဲ့သည်။ လက်နက်အင်အားမပြည့်စုံသည့် ရဲတပ်ဖွဲ့ဝင်များ ရပ်ကြည့်နေခဲ့ရသည်။ မိုးကုတ်မြို့တွင်လည်း ရဲနှစ်ဦးက အချုပ်သားအား ဆိုင်ကယ်ဖြင့် ခေါ်လာစဉ် အချုပ်သား၏ ဖခင်က ရဲနှစ်ဦးကို ကြိုးကွင်းပစ်ဖမ်းပြီး သားဖြစ်သူအား ပြန်လုသွားခဲ့သည်။ ကချင်ပြည်နယ်တွင် အစိုးရအဖွဲ့ လုံခြုံရေးလိုက်သည့်ရဲကို ကေအိုင်အေက ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ်ဘက်တွင်ဆိုလျှင်  ရဲတပ်ဖွဲ့ဝင်များ မကြာခဏ တိုက်ခိုက်ခံရပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ ရန်ပြုမှုကိုစိုးရိမ်ကာ နယ်မြေရဲကင်းအချို့ပိတ်ထားရသည်အထိ ရုပ်ပျက်ဆင်းပျက် အခြေအနေဖြစ်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်များကို နေပြည်တော်က သိသာသောတုံ့ ပြန်ဖြေရှင်းမှုမျိုးမလုပ်ခဲ့ပါ။

တရားဥပဒေစိုးမိုးရေးဟူ သော စကားလုံးကို သမ္မတနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ အပ်ကြောင်းထပ်အောင် ပြောနေချိန် တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရုပ်ပျက်ဆင်းပျက် အသတ်ခံရသည့်အပေါ် အစိုးရအဖွဲ့အနေဖြင့် သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သင့်ကြောင်း နယ်ပယ်အသီးသီးက တိုက်တွန်းကြသည်။ 7 Day News က မေးမြန်းခဲ့သော ရဲတပ်ဖွဲ့ဆိုင်ရာ ကျွမ်းကျင်သူ ဆယ်ဦးထက်မနည်းက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်၏ အုပ်ချုပ်မှုအောက် ရဲတပ်ဖွဲ့ ရောက်နေခြင်းမှာ မှားယွင်းနေပြီး ပြည်သူလူထုအချိုးနှင့် ရဲတပ်ဖွဲ့ဝင်အချိုး ဟန်ချက်ညီရန် အရေးတကြီး ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုသည်။

ဒေါ်နန်းဝါနုက ‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်နက်ကိုင် အားလုံးက စစ်တပ်အောက်မှာ ရောက်နေတာကိုး။ ဒါပေမဲ့ ရဲရဲ့ လုပ်ထုံးလုပ်နည်းသဘာဝနဲ့ စစ် တပ်ရဲ့လုပ်ထုံးလုပ်နည်း သဘာဝ က လုံးဝကွဲပြားခြားနားတယ်။ စစ် တပ်ကတော့ ကာကွယ်ရေးနဲ့လုံ ခြုံရေး။ ရဲကတော့ တရားဥပဒေ စိုးမိုးရေး။ ဒါပေမဲ့ ရဲက တရားစွဲ ပုဂ္ဂိုလ်။ တရားစွဲပုဂ္ဂိုလ်ဆိုတဲ့ အဖွဲ့ အစည်းက ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ရမှာ။ ကိုယ်လုပ်တဲ့ အလုပ်က ပြည်သူလူထုအတွက် မားမားမတ်မတ် မှန်မှန်ကန်ကန် ကိုလုပ်ပေးနိုင်ရမှာ။ အဲဒါမှ ပြည်သူလူထုကလည်း ရိုသေလေး စားလာပြီး အားကိုးလာမှ တရား ဥပဒေစိုးမိုးရေးဆိုတာ ဖြစ်ပေါ် လာမှာ။ ဒီအတိုင်းဆိုရင်တော့ တရားဥပဒေစိုးမိုးရေး ဘယ်လိုမှ မဖြစ်နိုင်သေးဘူး’’ဟု ၎င်း၏အမြင် ကို ပြတ်ပြတ်သားသားပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း ရဲတပ်ဖွဲ့၏တာဝန်မှာ ပြည်သူလူထုဘဝလုံခြုံရေးတာဝန် အပြည့်အဝယူရန်လိုပြီး နေပြည်တော်က ကိုင်တွယ်ပုံအလွဲကို ယခုလို ထောက်ပြသည်။

‘‘ကျောင်းသားစုစုပေါင်း ၁၅၀ လောက်မှာ ရဲတပ်ဖွဲ့အင် အား ၇၀၀ လောက် သုံးခဲ့တယ်။ ကျောင်းသားတစ်ယောက်ကို ရဲငါးယောက်လောက် သုံးခဲ့တဲ့ အနေအထား။ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်စေတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့အင်အားတွေကို အသုံးပြုပြီးတော့ တကယ့်ပြည်သူလူထုလုံခြုံရေးအရေးကြီးတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား အလုံအလောက်မရှိဘူးဆိုတာဟာ စီမံခန့်ခွဲမှုအပိုင်းမှာ ချွတ်ချော်မှုရှိနေတယ်ဆိုတာကို ပြနေတာပဲလေ’’ဟု ဒေါက်တာညိုညိုသင်းကပြောသည်။

လွှတ်တော်စနစ်ဖြစ်ပေါ်လာ ပြီးနောက် လွှတ်တော်ထဲမှာရော မီဒီယာများကပါ ထောက်ပြခဲ့ သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင် အချိုး ချိန်ခွင်လျှာ ဇောက်ထိုးဖြစ် နေခဲ့ခြင်းကိုလည်း အစိုးရပိုင်းက ယနေ့အချိန်အထိ အဖြေမရှာနိုင် သေးပေ။ ကျောင်းသားသပိတ်ကာ လက ကျောင်းသားတစ်ဦးကို ရဲငါးဦး စောင့်ကြည့်ခဲ့သော်လည်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ လူထုဘဝ လုံခြုံရေးအတွက်မူ ပြည်သူဦးရေ ၆၉၀ ခန့်အတွက် ရဲတစ်ဦး အချိုးအတိုင်း ရှိနေသေး သည်။

ရဲတပ်ဖွဲ့အင်အားနှင့် ရုပ်ပိုင်းဆိုင်ရာ နည်းပညာတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၅ ဖေဖော်ဝါရီအတွင်း ဆွေး နွေးအတည်ပြုခဲ့သော်လည်း လက်တွေ့အကောင်အထည်မဖော်နိုင် သေးပေ။ ယင်းပြဿနာမှာ ရဲတပ် ဖွဲ့ဝင်များအပေါ် အကြီးမားဆုံး ဖိအားဖြစ်နေပြီး ရဲနှင့်ပြည်သူ ပဋိပက္ခများ၏ မူလဇာစ်မြစ်အဖြစ် ရှိနေသည်ဟု လက်ရှိတာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ အပြင် ရဲတပ်ဖွဲ့လောကအတွင်း မိုးကျရွှေကိုယ်ဟု အရွဲ့တိုက် လှောင်ပြောင်ခံနေရသည့် တပ် ပြောင်းရဲများကိုယ်တိုင် ညည်း တွားကြသည်။

‘‘ရဲလုပ်ငန်းကျွမ်းကျင်တဲ့ ရဲတွေလိုအပ်တယ်။ ရဲလုပ်ငန်း ဆိုတာ သူ့အဓိကတာဝန်ဖြစ်တဲ့ မှုခင်းကျဆင်းရေး၊ ရာဇဝတ်မှုနှိမ် နင်းရေးနဲ့ တရားစွဲဆိုနိုင်ရေးပေါ့။ အခုက ရဲတပ်ရင်းမှာပဲ လူတွေပုံနေ တာ။ စခန်းတွေမှာအင်အားမရှိ ဘူး။ နယ်ရဲ(စခန်းရဲ)ကို အင်အား ဖြည့်ရမယ်။ ရဲလုပ်ငန်း သင်ပေး ရမယ်။ အခုစခန်းရဲ့တခြားအဆင့် တွေက ကင်းစောင့်၊ ရုံးထုတ်၊ လိုင်းကြေးကောက်ပဲ တတ်တော့ တယ်။ ပုလိပ်ပညာမတတ်တော့ ဘူး’’ဟု အမည်မဖော်လိုသည့် ပြည်နယ်အဆင့် ဒုတိယရဲမှူးကြီး တစ်ဦးကပြောသည်။

ပဋိပက္ခဖြေရှင်းရေးနှင့် လူစု လူဝေးဖြိုခွဲရေးအဓိကတာဝန်ပေး ထားသည်ဟု ဝေဖန်နေကြသည့် ရဲတပ်ရင်းများတွင် အင်အားများ နေပြီး နယ်မြေရဲစခန်းများ၌အင်အားနည်းနေသည့် အခြေ အနေကို လက်ရှိနယ်မြေရဲစခန်း များတွင် တာဝန်ထမ်းဆောင်နေ သည့် ရဲတပ်ဖွဲ့ဝင်များက စိတ် ကုန်နေကြသည်။

‘‘ရဲအင်အားကို နယ်စခန်း တွေထဲထည့်ပြီး နယ်မြေစိုးမိုးမှု လုပ်ပေးရင် သိပ်ကောင်းမှာ။ နယ်စခန်းတွေမှာရုံးထုတ်၊ အချုပ် ကင်းစောင့်၊ စာပို့၊ အထွေထွေဆို တာ လူကိုမလည်နိုင်တာ။ တာဝန် မှူးကို တစ်ဆက်တည်း လေးရက် လောက်ဝင်နေရတဲ့စခန်းတွေရှိ တယ်။ လမ်းကြောင်းချလို့ စခန်း မှာ ဂါတ်စာရေးနဲ့ကင်းသမား နှစ်ယောက်တည်းကျန်တဲ့စခန်းတွေရှိ တယ်’’ဟု အမည်မဖော်လိုသည့် ဒုရဲမှူးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

       လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့ ရဲတပ်ရင်း ၃၁ ခုရှိနေပြီး ဖွဲ့စည်းပုံအရ ရဲတပ်ရင်း ၄၀ ထား မည်ဖြစ်ကာ ရဲတပ်ရင်းတစ်ခုတွင် အင် အား ၈၀၀ ထားရှိမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှသတင်းရရှိသည်။ လူဦးရေအချိုးအစားအရ ရဲတပ်ဖွဲ့ဝင်အင်အား တစ် သိန်းခွဲ လိုအပ်နေသော်လည်း နောက်ဆုံး စာရင်းများအရ ရှစ်သောင်းခန့်သာ ရှိနေသည့် အခြေအနေတွင် သောင်းဂဏန်းရှိသည့် ရဲအင်အားမှာ ရဲတပ်ရင်း ပရိဝုဏ်များအတွင်း ပြည်သူနှင့် ဆက်သွယ်မှုဧရိယာ အပြင်ဘက် ရောက်နေသည်။ အင်အားအရေအတွက် အတိအကျကိုမူ လုံခြုံရေးအတွက်မပြောနိုင်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည်မဖော်လိုသည့် ရဲမှူးကြီးတစ်ဦးကဆိုသည်။

တပ်ဖွဲ့ဝင်အင်အားတိုးရန် အစိုးရသစ်လက်ထက်တွင် ပညာ ရေးနှင့်အသက်အရွယ်ပိုင်းဖြေ လျှော့မှု အဆင့်ဆင့်ပြုလုပ်ခဲ့သော် လည်း လစာနည်းပါးခြင်း၊ ဘဝ အာမခံချက်မရှိခြင်းနှင့် မမျှတ သောရဲစည်းကမ်းထိန်းသိမ်းခြင်းဥပဒေများကြောင့် ဝင်ရောက်လို သူ မရှိသလောက်နည်းသည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြော သည်။

‘‘ရဲတပ်ရင်းမှူးတစ်ယောက် က အကြောင်းအရာမရှိဘဲနဲ့ ရဲတပ်သားတစ်ယောက်ကိုခုနစ်ရက် အချုပ်ထဲထားလို့ရတယ်။ ရဲစည်းကမ်းမှာပြဋ္ဌာန်းထားတာ။ နိုင်ငံတကာစံနှုန်းနဲ့ကြည့်ရင် ချုပ် ပိုင်ခွင့်ဆိုတာ တရားသူကြီးကလွဲ ရင် ဘယ်သူမှအာဏာမရှိဘူး။ ရဲမှာတောင်မှ သံသယရှိတဲ့သူကို ၂၄ နာရီပဲချုပ်ခွင့်ရှိတယ်လေ။ ဒါကလည်း အမှားတွေပဲ။ အချုပ် ထဲဝင်တယ်ဆိုရင် အဝင်ငါးချက် ရိုက်တယ်။ အထွက်ငါးချက်ရိုက် တယ်။ ရိုက်တာမှ တုတ်နဲ့ရိုက် တာမဟုတ်ဘူး။ ထမ်းပိုးနဲ့ရိုက် တာ။ ယောက်ျားအားနဲ့ ဝမ်းလျား မှောက်နေတာကို ထမ်းပိုးနဲ့ရိုက် တဲ့အား ဘယ်နည်းမလဲ။ အဲဒါတွေ က နိုင်ငံတကာစံနှုန်းနဲ့မညီဘူး ပေါ့။ မဖြစ်သင့်ဘူးပေါ့’’ဟု ရဲတပ် ရင်းတစ်ခုတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိ တစ်ဦးကဆိုသည်။

ပြည်ပနိုင်ငံများသို့ မကြာ ခဏသွားလေ့ရှိသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ၎င်းရောက် ရှိခဲ့သမျှ ဥရောပ၊ အာရှနိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ဝတ်ထား သည့်ယူနီဖောင်းဖြင့် ခြေဆုံးခေါင်း ဆုံးစမတ်ကျပြီး အခက်အခဲတွေ့ နေသည့် ပြည်သူတစ်ဦးအနေဖြင့် အားကိုး ယုံကြည်စရာကောင်း ကြောင်းပြောသည်။

‘‘ပြည်သူဆိုတာ နဂိုကတည်း က ရဲကို မုန်းစိတ်ရှိတယ်။ ကိုးလိုး ကန့်လန့်မြင်ရတော့ ပိုဆိုးတာ ပေါ့။ နိုင်ငံခြားမှာက ရဲဆိုပြည်သူ တွေကအားကိုးတယ်။ အကူအညီ တောင်းတယ်။ ဒီမှာက နဂိုက တည်းကမုန်းတာ။ ရဲဆို ဒီမှာက ငိုစား၊ ရယ်စားလောက်ပဲသိကြ တယ်။ နှစ်လုံး၊ ပြည့်တန်ဆာ၊ အ ကောက်ကောက်တဲ့သူလောက် ပဲသိကြတယ်။ ယာဉ်ထိန်းဆို ပိုက် ဆံတောင်းတဲ့သူပဲလို့သိကြတယ်။ ဒါတွေအကုန်ပြင်ရမှာ။ ဒါမှ ပြည် သူအမြင်ပြောင်းလဲမယ်’’ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။

ရဲတပ်ဖွဲ့၏သမိုင်းကြောင်း အစဉ်အလာမကောင်းခြင်းနှင့် ပြည်သူလူထု၏ အများအမြင်တွင် မိမိတို့အား ကာကွယ်စောင့် ရှောက်သူဟုမမြင်ဘဲ နှိပ်ကွပ်မည့် သူများဟုသာ အရိုးစွဲယူဆနေခြင်း ကလည်း ပြည်သူလူထုက အား ကိုးခြင်းမရှိသည့် အခြေအနေတစ် ခုဖြစ်သည်ဟု ရေးမြို့နယ် လူမှု အကျိုးဆောင်အဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးအောင်နိုင်ဝင်း(ငြိမ်း) ကသုံးသပ်သည်။ လက်ရှိအချိန် တွင် ရဲမှူးကြီးတာဝန်ထမ်းဆောင် နေသည့် ရဲအရာရှိတစ်ဦးက ပြည် သူသာမဟုတ်၊ မည်သည့်အဖွဲ့ အစည်းကမှ ရဲတပ်ဖွဲ့ကို အထင် မကြီးဟုဆိုသည်။

နေပြည်တော်တွင် သြဂုတ် ၂၄ ရက်ကပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ဥရောပသမဂ္ဂတို့ ပူးတွဲလေ့ကျင့်မှုအစီအစဉ်ပိတ်ပွဲ အခမ်းအနား (MPF and EU Closing Ceremony)သို့ တက် ရောက်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်ကလည်း ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအတွက် အကောင် အထည်ဖော်သင့်သည့် အချက် များကို ပြောကြားသွားရာတွင် လွတ်လပ်သောအဖွဲ့အစည်းတစ် ခုဖြစ်ရန်လိုအပ်ပြီး လက်ရှိဥပဒေများမှာ ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်သည်ဟု နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် နေပြည်တော်အဆင့် ရဲအရာရှိများအား ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များအတွက် သီးသန့်သင်တန်းကျောင်းဖွင့်သင့်သည်ဟု တိုက်တွန်းခဲ့သည်။

‘‘ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခု အနေနဲ့ရှိရမယ်။ ဒါကိုပြောခြင်း အားဖြင့် တပ်မတော်ရဲ့အခန်း ကဏ္ဍကို လျစ်လျူရှုလို့မဟုတ်ပါ ဘူး။ အဖွဲ့အစည်းတစ်ခုဆိုတာ ဟာ တာဝန်ယူမှုရှိဖို့ဆိုတာ လုပ် ပိုင်ခွင့်လည်းရှိရပါမယ်။ လွတ် လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဟာ တာဝန်ကို လည်း အပြည့်အဝယူနိုင်မှာဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။

နိုင်ငံရေးဆောင်းပါးများရေး နေသည့် လက်ရှိ တာဝန်ထမ်း ဆောင်နေဆဲ တပ်မတော်အရာရှိ တစ်ဦးကလည်း ရဲတပ်ဖွဲ့အတွက် DSA ကဲ့သို့ သင်တန်းကျောင်းရှိ ရန်လိုသည်ဟု ၎င်း၏အမြင်ကို ပြောသည်။

‘‘Police Academy လည်း အမှန်လိုအပ်နေပြီဆိုတာ နိုင်ငံ တစ်ဝန်း ရဲတွေ အမြဲလွဲနေရတာ က ပြဆိုနေတယ်။ စစ်တပ်ကို အာ ခံမှာစိုးတာ၊ ခြေရာတိုင်းမှာစိုးတာ တွေ တွေးကြောက်မနေသင့်ဘူး။ professional တွေက သီးခြားပဲ ဟာ။ နိုင်ငံတကာဥပဒေတွေအရ လည်း အရေးပေါ်အခြေအနေမှာ စစ်တပ်ဟာ ရဲထက်ပိုပါဝါပေး ထားတာပါပဲ’’ဟု ၎င်း၏ အမြင်ကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် တွင် ရဲမှူးချုပ်အဆင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့အသိုင်း အဝိုင်းအတွင်း သြဇာကြီးခဲ့သည့် အငြိမ်းစားရဲမှူးချုပ်ဦးဝင်းခေါင်က ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရန် အောက်ခြေရဲတပ်သား အဆင့်မှသည် ထိပ်တန်းအဆင့် ရဲအရာရှိများအထိ စိတ်ပိုင်းဆိုင် ရာသဘောထားများ ပြောင်းလဲရန် လိုအပ် သည်ဟု အကြံပြုသည်။

‘‘အဓိကလိုအပ်နေတာက တော့ Attitude Change (သဘော ထားပြောင်းလဲရန်)ပဲ။ အဲဒါ အတို ဆုံး၊ အကျစ်ဆုံးနဲ့ အထိရောက် ဆုံးပဲ။ ဘယ်သူကနေ Attitude လဲ လို့ပြောတဲ့အခါ အကုန်လုံးပါဝင် နေသော stakeholder အကုန်လုံး ရဲ့ Attitude Change ဖြစ်ရမယ်။ အဆင့်အတန်းအားလုံး၊ သက်ဆိုင်သူအားလုံးရဲ့ Attitude Change ဖြစ်ရမယ်’’ဟု ဦးဝင်းခေါင်က ပြောသည်။

လက်ရှိတာဝန်ထမ်းဆောင် နေသည့် ရဲမှူးချုပ်တစ်ဦးကမူ တပ်မတော်တွင် လုပ်ရိုးလုပ်စဉ် ဖြစ်သည့် အောင်မြင်မှု၊ ကျရှုံးမှု များကို သုံးသပ်သကဲ့သို့ လက်ရှိ ရဲတပ်ဖွဲ့အတွင်း အားနည်းချက် လိုအပ်ချက်များ ပြုပြင်ရန် အထက်အရာရှိများက အစီအစဉ်များရေးဆွဲနေသည်ဟု သတင်းစကားပါးသည်။ ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ်တို့ သန်လျင်မြို့မရဲစခန်းမှ ရဲနှစ်ဦး နာရေးသို့ သွားရောက်ခဲ့ခြင်းမှာလည်း ယင်းအဖြေရှာရန် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်သည်ဟုဆိုသည်။

စီမံခန့်ခွဲမှုအလွဲများ၊ လက် နက်ခဲယမ်းမပြည့်စုံမှုများဖြင့် လူ ဆိုးသွားဖမ်းသည့် ရဲတပ်ဖွဲ့ဝင်နှစ် ဦးကတော့ သူတို့ချစ်သော မိသား စု၊ လူမမည်ရင်သွေးလေးများနှင့် ဆွေမျိုးအသိုင်းအဝိုင်းကို ထာဝရ နှုတ်ဆက်သွားခဲ့ပါပြီ။ ရဲတပ်ဖွဲ့ အတွင်း အစိုးရသစ်လက်ထက် အလုပ်ရုံဆွေးနွေးပွဲများ၌ အများဆုံးပြောဆိုဆွေးနွေးခဲ့ကြသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိတတ်မှု မည်မျှရှိမည်လဲ ဆိုသည်ကို ယင်းကြေကွဲဖွယ်ဖြစ်ရပ်ကအဖြေတစ်ခုစောင့်ကြည့်နေမည် ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကဆို သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...