Friday, September 11, 2015

ISတို့ဓာတုလက်နက်များအသုံးပြုနေသည်ဟုအမေရိကန်ယုံကြည်

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများသည် ဓာတုလက်နက်များကို လက်တွေ့ ထုတ်လုပ်နေသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အသုံးပြုနေသည်ဟု ယုံကြည်ရကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်သည်။


အမေရိကန်အစိုးရ အရာရှိ တစ်ဦးက အိုင်အက်စ်တို့ နယ်မြေအများအပြား ထိန်းချုပ်ထားရာ အီရတ်ရော၊ ဆီးရီးယား ဘက်တွင်ပါ ဓာတုလက်နက် အသုံးပြုသည်ဟု ယုံကြည်ရသည့် အထောက်အထား လေးကြိမ်မျှ တွေ့ရှိထားကြောင်း ဆိုသည်။ အိုင်အက်စ်တို့က ဓာတုလက်နက်များကို အမှုန့်အခြေခံ အမြှုပ်ပုံစံ ပြုလုပ်၍ အသုံးပြုနေခြင်းဟုလည်း သိရသည်။

BBC သတင်းဌာနကလည်း အဆိုပါ နှစ်နိုင်ငံ နယ်နိမိတ် ဒေသတွင် အဆိုပါ စွပ်စွဲမှုအတိုင်း လက်တွေ့ ဖြစ်ပျက်ခဲ့သည့် အခြေအနေများ ရှိနေကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်က အိုင်အက်စ်တို့သည် ဓာတုလက်နက်များ တည်ဆောက်ရန်၊ ကိုင်တွယ်ရန်၊ ထိန်းသိမ်းရန် သီးခြား အဖွဲ့တစ်ခု ထားရှိသည်ဟု ယုံကြည်နေသည်။

“သူတို့ ဓာတုလက်နက်တွေ သုံးနေပါတယ်။ သူတို့ တကယ် အသုံးပြုနေမှန်း ကျွန်တော်တို့ သေချာသိနေတယ်”ဟု အမည်မဖော်ပြသည့် အဆိုပါ အမေရိကန် အရာရှိက ပြောကြားခဲ့သည်။ ၎င်းတို့သည် ဓာတုလက်နက်များကို အမှုန့်အသွင် ပြုလုပ်ကာ မော်တာကျည်ဆန်ကဲ့သို့ သမားရိုးကျ စစ်လက်နက်များတွင် ထည့်သွင်း ပစ်ခတ်နေခြင်းဟုလည်း ၎င်းက ဆိုသည်။ “အီရတ်ဘက်မှာရော၊ ဆီးရီးယားဘက်မှာပါ သူတို့ ဓာတုလက်နက်တွေ သုံးခဲ့တယ် ဆိုတာကို အထောက်အထား ပြစရာ လေးခုလောက် ရှာတွေ့ထားပါတယ်”ဟု ယင်းအရာရှိက မှတ်ချက်ပေးခဲ့သည်။

သို့သော်လည်း ဓာတုလက်နက် ထုတ်လုပ်သည့် နည်းပညာသည် အိုင်အက်စ်တို့လက်ထဲ မည်သို့မည်ပုံ ရောက်သွားသည် ဆိုခြင်းကိုမူ တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။ အခြားသော သီအိုရီအရ အိုင်အက်စ်တို့သည် အီရတ်နှင့် ဆီးရီးယားတို့ရှိ ၎င်းတို့ သိမ်းဆည်းထားရာ ဒေသများအတွင်း လျှို့ဝှက်ထားရှိသည့် ဓာတုလက်နက်သိုက်များကို ရှာတွေ့သွားခြင်း ဖြစ်နိုင်ကြောင်းလည်း ယူဆမှုများ ရှိနေသည်။

သို့သော်လည်း ယင်းသီအိုရီသာ အမှန်ဖြစ်ပါက အီရတ်ဘက်ခြမ်းတွင် မဖြစ်နိုင်ဟု အမေရိကန် အရာရှိက ဆိုသည်။ အမေရိကန် စစ်တပ်သည် ဆက်ဒမ်ဟူစိန် အစိုးရကို ဖြုတ်ချပြီးနောက် အဆိုပါ ဒေသများတွင် ဓာတုလက်နက်များ သိုဝှက်ထားခြင်း ရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသွားသည်။

_Ref: BBC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...