Friday, September 18, 2015

အာဏာသိမ်းမှုများအပြီးဘာကီနာဖာဆို တွင်အဓိကရုဏ်းများဆက်တိုက်ဖြစ်ပေါ်

ဘာကီနာဖာဆိုတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် သွေးထွက်သံယို အဓိကရုဏ်း ဆန္ဒပြပွဲများ ဆက်တိုက် ပေါ်ပေါက်လာကြောင်း သတင်းရရှိသည်။


စက်တင်ဘာ ၁၇ ရက်တွင် သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့သည် သမ္မတထံမှ အာဏာကို သိမ်းယူလိုက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် မြို့တော် အူဂါဒိုဂူ၌ ဆန္ဒပြမှုများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်ကာ အနည်းဆုံး လူ ၁၀ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဂီလ်ဘတ် ဂျီယန်ဒရီက ယခုအာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်က အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် သမ္မတ မိုက်ကယ်ကိုဖန်ဒိုနှင့် ဝန်ကြီးချုပ် အိုင်ဆက်ဇီဒါတို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဂျီယန်ဒရီ၏ လက်ထောက်တစ်ဦးက ဗိုလ်ချုပ်ကြီးသည် လွတ်လပ်သော ရွေးကောက်ပွဲများ ပြန်လည် ကျင်းပပေးသွားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း လတ်တလောတွင် အူဂါဒိုဂူ၌ ကျီးလန့်စာစား အခြေအနေများ ဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ၆၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ သေဆုံးသူများသည် လုံခြုံရေး အစောင့်တပ်၏ ပစ်သတ်ခြင်းကို ခံရခြင်း ဖြစ်သည်။

ယခင်ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် အနောက်အာဖရိက နိုင်ငံတွင် အာဏာသိမ်းမှု ပေါ်ပေါက်ခြင်းကို အမေရိကန်၊ ပြင်သစ်နှင့် အာဖရိက သမဂ္ဂတို့က ရှုတ်ချ ကန့်ကွက်ထားသည်။ ယခုအခါ ဂျီယန်ဒရီက အာဏာသိမ်း ကြားဖြတ် အစိုးရကို ဦးဆောင်နေပြီး ထိန်းသိမ်းထားသည့် သမ္မတရော၊ ဝန်ကြီးချုပ်ပါ ဘေးကင်းကြောင်း ကြေညာထားသည်။

ဂျီယန်ဒရီသည် ဘာကီနာဖာဆို စစ်တပ်၏ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သမ္မတဟောင်း ဘလာစီ ကွမ်ပိုရီ၏ အဓိက မဟာမိတ် တစ်ဦးအဖြစ်လည်း လူသိများသည်။ ဘာကီနာဖာဆိုတွင် အာဏာသိမ်းမှု ပြီးကတည်းက ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားကြောင်းလည်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတဟောင်း ကွမ်ပိုရီသည် ဘာကီနာဖာဆိုကို ၂၇ နှစ်ကြာ အုပ်စိုးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပုန်ကန်မှုများကြောင့် ဖြုတ်ချခံခဲ့ရသည်။ ၎င်းသည် ယခုအခါ နိုင်ငံပြင်ပသို့ တိမ်းရှောင်နေရသည်။ ကွမ်ပိုရီ လက်ထက်တွင် အစိုးရသည် အကျင့်ပျက် ခြစားမှုများ ရှိခဲ့သလို ၎င်း၏ အာဏာသက် ရှည်ကြာစေရေးအတွက် အခြေခံ ဥပဒေများကို ပြောင်းလဲ ပစ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ကွမ်ပိုရီ ရာထူးမှ ဖယ်ရှားခံရချိန်တွင် ဗိုလ်ချုပ်ကြီး ဂျီယန်ဒရီသည် လူမြင်ကွင်း နောက်ကွယ်၌ ကာလအတန်ကြာ တိမ်းရှောင်နေခဲ့ပြီးမှ ယခုကဲ့သို့ အာဏာသိမ်းရန် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ယခုအာဏာသိမ်းမှုတွင် ကွမ်ပိုရီနှင့် မည်သည့် အတိုင်းအတာထိ ဆက်စပ်မှု ရှိသည်ကို မသိရသေးဘဲ လက်ရှိ ကြားဖြတ်အစိုးရကို ဂျီယန်ဒရီကသာ ဦးဆောင်လျက်ရှိသည်။

_Ref:UPI

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...