Monday, September 7, 2015

ဂွာတီမာလာနိုင်ငံတွင်သမ္မတဖြစ်ရန်ဟာသသရုပ်ဆောင်တစ်ဦးရေပန်းစား

ဂွာတီမာလာ နိုင်ငံတွင် ဟာသသရုပ်ဆောင်တစ်ဦး သမ္မတ ဖြစ်လာရန် အလားအလာ ကောင်းနေကြောင်း သတင်းရရှိသည်။


စက်တင်ဘာ ၆ ရက် ရွေးကောက်ပွဲ၏ မဲအရေအတွက် ထက်ဝက်ကျော်ကို ရေတွက်ပြီးချိန်တွင် ဂျင်မီ မိုရာလက်စ်သည် သမ္မတ ဖြစ်နိုင်ခြေရှိသူ သုံးဦးအနက် အလားအလာအကောင်းဆုံးအဖြစ် ထွက်ပေါ်လာသည်။ ၎င်းသည် မဲပမာဏ စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းကို ရရှိထားကြောင်း သိရသည်။

အရည်အချင်းရှိသော လူရွှင်တော် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် မိုရာလက်စ်သည် နိုင်ငံရေး နယ်ပယ်ထဲ ခြေဆန့် ဝင်ရောက်လာပြီးနောက် “ခြစားမှု မရှိစေရ၊ သူခိုးတစ်ယောက်မှ မရှိစေရ”ဆိုသည့် ကြွေးကြော်မှုဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ဂွာတီမာလာတွင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သမ္မတ အော့တိုပီရက်ဇ် မိုနီလာသည် အကျင့်ပျက် ခြစားမှု စွဲချက်ဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး အဖမ်းခံရသည့် ဖြစ်ရပ်က ပြည်သူများကြား ခြစားမှု တိုက်ဖျက်ရေး တောင်းဆိုမှုများကို ပိုမို မြင့်တက်လာစေခဲ့သည်။

“ကျွန်တော့် မွေးရပ်နိုင်ငံမှာ ချစ်ခြင်းမေတ္တာကို စိုက်ပျိုးထားခဲ့တယ်။ အခုတော့ ရိတ်သိမ်းဖို့ အချိန်တန်ပြီလေ”ဟု ဂွာတီမာလာတွင် ပရိသတ် ချစ်ခင်အားပေးမှုကို ရရှိထားသည့် အနုပညာသမားက ဆိုသည်။

လတ်တလောတွင် ကွန်ဆာဗေးတစ် ဝါဒီ စီးပွားရေး လုပ်ငန်းရှင် မန်နျူရယ်လ် ဘယ်လ်ဒီဇွန်က ရေတွက်ပြီးသမျှ မဲအရေအတွက်၏ ၁၈ ရာခိုင်နှုန်းကို ရရှိကာ မိုရာလက်စ်နောက် ဒုတိယ နေရာတွင် ရှိနေသည်။ ယခင် သမ္မတကတော်ဟောင်း ဆန်ဒရာ တောရက်စ်မှာမူ ၁၇ ရာခိုင်နှုန်းမျှ မဲအရေအတွက် ရရှိထားသည်။

ဩဂုတ် ၆ ရက်တွင် ဂွာတီမာလာ၌ သမ္မတ ရွေးကောက်ပွဲ၊ လွှတ်တော် ရွေးကောက်ပွဲ၊ မြူနီစီပယ် ရွေးကောက်ပွဲများကို စုပေါင်းကျင်းပခဲ့ပြီး အနိုင်ရသူများသည် သက်တမ်း ၄ နှစ်စာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယင်းမတိုင်မီတွင်မူ နုတ်ထွက်သွားသည့် သမ္မတ ပီရက်ဇ်အစား ကျမ်းသစ္စာကျိန်ဆိုကာ သမ္မတအဖြစ် တာဝန်ယူထားသည့် ယခင် ဒုတိယ သမ္မတ အလက်ဂျန်ဒရို မယ်လ်ဒွန်နာဒိုက အစိုးရကို တာဝန်ယူ ဦးဆောင်နေမည် ဖြစ်သည်။

ခြစားမှု စွပ်စွဲချက်များနှင့် အရှက်တကွဲ အခြေအနေများ ဖြစ်ပေါ်ခဲ့သည့်တိုင် အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ဆက်လက် ကျင်းပနိုင်ခဲ့သည့်အတွက် မယ်လ်ဒွန်နာဒိုကို အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်တန်က ဖုန်းဆက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: VOA
credit===7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...