Tuesday, September 22, 2015

ဘာလင်တွင်အကြမ်းဖက်မှုနှင့်ဆက်နွယ်နေသူများကိုရဲတပ်ဖွဲ့မှစီးနင်းဖမ်းဆီး

ဘာလင်မြို့တော်တွင် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်သည်ဟု ယူဆရသူ အချို့ကို ဂျာမန်ရဲတပ်ဖွဲ့က စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


စက်တင်ဘာ ၂၂ ရက် နံနက်အစောပိုင်းက ဘာလင်တွင် နေရာ ရှစ်ခု၌ ဖြန့်ကျက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့အတွက် လူသစ် စုဆောင်းရာတွင် အဓိက ကူညီနေသည်ဟု ယုံကြည်ရသူများကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စီးနင်းမှုကို စစ်ဆင်ရေး တစ်ရပ်သဖွယ် အလေးထား အကောင်အထည် ဖော်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ ပါဝင်ခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် ဘာလင်မြို့လယ်ရှိ တမ်ပယ်လ်ဟော့ဖ် ရွှန်ဘာ့ဂ် ရပ်ကွက်ထဲမှ ဗလီနှင့် ဆက်နွှယ်သူ တစ်ဦး ပါဝင်ကြောင်းလည်း ရဲများက ဆိုသည်။ ရဲတပ်ဖွဲ့သည် ဆီးရီးယားရှိ အိုင်အက်စ် တပ်ဖွဲ့အတွက် အဓိက လူသစ်စုဆောင်းပေးသူ တစ်ဦးအဖြစ် ယူဆရသည့် အသက် ၅၁ နှစ်အရွယ် မော်ရိုကို နိုင်ငံသား တစ်ဦးကို ပစ်မှတ်ထား ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် အသက် ၁၉ နှစ် အရွယ်ရှိ မက်စီဒိုးနီးယား နိုင်ငံသား တစ်ဦးသည်လည်း အိုင်အက်စ်၏ လူသစ်စုဆောင်းရေးသမား တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်ရပြီး ၎င်းကိုလည်း ရှာဖွေနေကြောင်း ဖော်ပြ ပါရှိသည်။

အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ထားပြီး ကိုယ်ပိုင် အစ္စလာမ်မစ် နိုင်ငံတစ်ခုအဖြစ် ထူထောင်ကြေညာထားရာ ၎င်းတို့အတွက် လိုအပ်သော တိုက်ခိုက်ရေးသမားများကို ကမ္ဘာအရပ်ရပ်မှ ဖြန့်ကျက် စုဆောင်းလျက် ရှိသည်။

ရဲတပ်ဖွဲ့က ယခုစီးနင်းမှုသည် ဂျာမနီတွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခု ကျူးလွန်ရန် သတင်းမျိုး ကြားသိ၍ မဟုတ်ဟု ပြောကြားခဲ့သလို ပြီးခဲ့သည့် သီတင်းပတ်က ဘာလင်တွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်ခဲ့မှုနှင့် ဆက်နွှယ်မှု မရှိဟုလည်း ဆိုသည်။ အဆိုပါ ဖြစ်ရပ်တွင် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီတစ်ဦးက ရဲမေတစ်ဦးကို ဓားဖြင့်ထိုးသဖြင့် ပစ်သတ် ခံခဲ့ရသည်။

ဂျာမန် ထောက်လှမ်းရေး ဌာနက ဂျာမနီနိုင်ငံသား ၆၀၀ ကျော်မျှသည် အရှေ့အလယ်ပိုင်း ဒေသသို့ ဝင်ရောက်သွားပြီး အိုင်အက်စ်တို့နှင့် လက်တွဲ တိုက်ခိုက်နေကြောင်း ယုံကြည်လျက်ရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...