Wednesday, September 16, 2015

ချီလီတွင်အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်-ဆူနာမီသတိပေးချက်ထုတ်ပြန်

ချီလီနိုင်ငံတွင် ရစ်ခ်ျတာစကေး ၈.၃ အဆင့်ရှိ အလွန်အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ကမ်းခြေ ဒေသများတွင် ရေလှိုင်း ရိုက်ခတ်လာနိုင်ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။


ချီလီနိုင်ငံ၊ ဆန်တီယေဂို မြို့တော်တွင် အင်အားပြင်းထန်သည့် ငလျင်တစ်ခု စက်တင်ဘာ ၁၇ ရက်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ဆန်အိုနိုဖရီမှ ရက်ဂေးပွိုင့်ထိ ကမ်းခြေဒေသများကို ဆူနာမီရေလှိုင်း သတိပေးချက်များ ထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ကမ်းရိုးတန်း ဧရိယာများသို့လည်း ဆူနာမီရေလှိုင်း ရိုက်ခတ်လာနိုင်ကြောင်း သတိပေးထားသည်။

ချီလီ ဆူနာမီ သတိပေးချက် စင်တာက အလွန်ကြီးမားသည့် ရေလှိုင်းမျိုး ရိုက်ခတ်ဖွယ် မရှိဟု မှတ်ချက်ပေးထားသည်။ ချီလီ နိုင်ငံတွင် ပစိဖိတ် ကမ်းခြေဖြစ်သည့် ပွာတိုအေဆန်မှ အာရီကာထိ လူနေဒေသများကို ချက်ချင်း ရွှေ့ပြောင်းစေခဲ့သည်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက အစောပိုင်းတွင် ငလျင်ပြင်းအားကို ရစ်ခ်ျတာစကေး ၇.၉ ဟု ကြေညာသော်လည်း နောက်ပိုင်းတွင် ၈.၃ အဖြစ် ပြောင်းလဲ ပြင်ဆင်ခဲ့သည်။ ငလျင်ကြောင့် ဆန်တီယေဂိုတွင် အဆောက်အအုံများ တုန်ခါ ယိမ်းယိုင်ကုန်သလို လူပေါင်းများစွာသည် အထပ်မြင့် အဆောက်အအုံများမှ လမ်းပေါ်သို့ ကြောက်လန့်တကြား ပြေးထွက်ခဲ့ကြသည်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက အဆိုပါ ငလျင်ကြီးသည် ဆန်တီယေဂို အရှေ့မြောက်ဘက် ၁၄၁ မိုင်မျှ အကွာမှ ပစိဖိတ် သမုဒ္ဒရာအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဟုလည်း ဖော်ပြထားသည်။

ငလျင်နောက်ဆက်တွဲအဖြစ် ဆူနာမီရေလှိုင်း ရိုက်ခတ်လာမှုကို စောင့်ကြည့်ရန် ဟာဝိုင်အီကျွန်းနှင့် နယူးဇီလန် နိုင်ငံတို့တွင်ပါ ညွှန်ကြားထားသည်။ ငလျင်၏ လှုပ်ခါမှု အရှိန်အဟုန် ပြင်းထန်သဖြင့် တောင်အမေရိကတိုက်ရှိ နိုင်ငံအချို့တွင်ပါ သက်ရောက် ခံစားခဲ့ရသည်။

ချီလီတွင် ၂၀၁၀ ပြည့်နှစ်က ပြင်းအား ရစ်ခ်ျတာစကေး ၈.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ဖူးရာ အိမ်ခြေ ၂၂၀၀၀၀ ကျော် ထိခိုက်ပျက်စီးပြီး လူ ၅၀၀ ကျော် သေဆုံးကာ ဆူနာမီရေလှိုင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

_Ref: Theguardian

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...