Monday, September 7, 2015

မြန်မာ-နယူးဇီလန်ခြေစမ်းပွဲတစ်ဖက်တစ်ဂိုးစီသရေကျ

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် နယူးဇီလန် အသင်းတို့ပွဲတွင် တစ်ဖက် တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။
စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါခြေစမ်းပွဲ၌ နယူးဇီလန်အသင်းက ပထမပိုင်း ပွဲကစားချိန်တွင် အသာစီးရရှိကာ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း မြန်မာအသင်း aနာက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့၍ ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။
ပထမပိုင်း ၃၆ မိနစ်တွင် မြန်မာအသင်းတိုက်စစ်မှူး ကျော်ကိုကိုသည် ဂိုးသမားကို ကျော်ဖြတ်ကာ ဂိုးသွင်းယူရန် ကြိုးစားခဲ့သော်လည်း ဂိုးသမားက ဖမ်းမိခဲ့သည့်အတွက် နစ်နာခဲ့ရသည်။
ပွဲ ချိန် ၄၁ မိနစ်တွင် နယူးဇီလန် ကစားသမား Ryan ကို မြန်မာနောက်တန်း ကစားသမားများ ဖြတ်ထုတ်ပုံကြမ်းခဲ့၍ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့သည်။
အဆိုပါ ပင်နယ်တီကို တိုက်စစ်မှူး Edward က ကန်သွင်းကာ ဦးဆောင်ဂိုးရရှိ ခဲ့သည်။ ပထမပိုင်း ပြီးဆုံးချိန်တွင် နယူးဇီလန်အသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းကွင်းလယ်၌ ခြေစမ်းမပြနိုင်သည့် အောင်သူအစား သန်းပိုင်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး မြန်မာအသင်းက နယူးဇီလန်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့သည်။
ပွဲချိန် ၇၉ မိနစ်တွင် အသင်းခေါင်းဆောင် ရန်အောင်ကျော် ဖြတ်တင်ပေးသည့် ဘောလုံးကို သီဟဇော်က အပိုင်ကန်သွင်းကာ ချေပဂိုး ရရှိခဲ့သည်။
ယင်းနောက်တွင် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့သော်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိ၍ ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့်သာ ပြီးဆုံးခဲ့သည်။
အဆိုပါ ရေဘေးသင့် ရန်ပုံငွေခြေစမ်းပွဲတွင် ကွင်းဝင်ကြေး အပါအ၀င် အလှူရှင်များ စုပေါင်းလှူဒါန်းငွေကျပ် ၁,၆၃၈ သိန်းနှင့် အမေရိကန်ဒေါ်လာ ၅,၀၀၀ ရရှိခဲ့သည်။

ချစ်ဝိုင်း
Credit : 7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...