Saturday, September 19, 2015

မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်စက်ဘီးစီးပွဲတော်ကျင်းပ

မြန်မာနှင့်ထိုင်းနိုင်ငံခြား ခရီးသွားလုပ်ငန်းများ ပိုမို တိုးတက်လာစေရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီး၍ နယ်စပ်ဖြတ်ကျော် စက်ဘီးစီးပွဲတော် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ စက်ဘီးစီးပွဲတော်ကို စက်တင်ဘာပထမပတ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စက်ဘီးစီးနင်း သူ ၁,၈၀၀ ကျော်ပါဝင်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။

ယင်းပွဲတော်၌ ပါဝင်စီးနင်းသူများသည် ထိုင်းနိုင်ငံရှိ ပရာကျွတ် ခီရီခန် မင်္ဂလာတံတားမှစတင်ထွက်ခဲ့ကာ မောတောင်စင်ခွန်းနယ်စပ်ဂိတ်မှတစ်ဆင့် ယင်းနှင့် ၁၃ ကီလိုမီတာခန့် အကွာအဝေးရှိသည့် မြန်မာနိုင်ငံ မြိတ်ခရိုင်အတွင်းရှိ ရန်ပြေမာန်ပြေမဟာ စေတီသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ဘီးစီးပွဲတော်ကို မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန် မောင်နှမ မြို့တော်အကြား ခရီးသွားလုပ်ငန်းများနှင့် ရင်းနှီးမှုပိုမို လာစေရန်ရည်ရွယ်၍ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန် ခရိုင်ဝန်တို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မိုးကာလ ဖြစ်သော်လည်း ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများသည် မြန်မာနိုင်ငံသို့ ရှေးဟောင်းယဉ်ကျေးမှု အနုပညာ၊ ရိုးရာ ဓလေ့ထုံးစံများ၊ သဘာဝအလှအပ ရှုခင်းများနှင့် လက်မှုပညာရပ်များကို အဆက် မပြတ်ဝင်ရောက်လည်ပတ်လျက် ရှိသည်။

စက်တင်ဘာလဆန်း၌ သြစတြေးလျ နိုင်ငံသားများသည် ဆိုင်ကယ်ဖြင့် မြဝတီမြို့မှ ဝင်ရောက်လာပြီး ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ပင်းတယ၊ အင်းဝ၊ မင်းကွန်း၊ မန္တလေး၊ ပုပ္ပား၊ ပုဂံ၊ မုံရွာ၊ ကလေးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကာ ယင်းမှတစ်ဆင့် တမူးမြို့မှ အိန္ဒိယနိုင်ငံသို့လည်းကောင်း မြန်မာနိုင်ငံရှိ နယ်စပ်ဝင်ပေါက် များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှသိရသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...