Monday, September 21, 2015

ဂရိရွေးကောက်ပွဲတွင်ဝန်ကြီးချုပ်ဆီပရက်စ်ဆက်လက်အောင်ပွဲခံ

 ရွေးကောက်ပွဲတွင် တစ်ကျော့ပြန် အနိုင်ရခဲ့သည့်နောက် ပြည်သူများ၏ အောင်ပွဲကို ဆောင်ယူနိုင်ခဲ့ပြီဟု ဂရိ ဝန်ကြီးချုပ် အလက်ဆစ် ဆီပရက်စ်က ကြွေးကြော်လိုက်သည်။

ကြွေးမြီ နွံနစ်ပြီး နိုင်ငံရေးအရ ရုန်းကန်နေရသည့် ဂရိတွင် ၆ နှစ်အတွင်း ပဉ္စမမြောက် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆီပရက်စ်က အောင်ပွဲခံခဲ့သည်။ ၎င်းသည် နိုင်ငံ၏ ကြွေးမြီဂယက်တွင် နောက်ထပ် နိုင်ငံရပ်ခြား ချေးငွေ ထပ်ယူရန် သင့်၊ မသင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ကြွေးမြီ ထပ်မယူရန် ပြည်သူအများစုက သဘောထား ပေးခဲ့ကြသည်။

သို့သော်လည်း ယူရိုငွေကြေးကို အဓိက အသုံးပြုနေသည့် ယူရိုဇုန် အဖွဲ့ဝင် နိုင်ငံများ၏ ဖိအားပေးမှုနှင့် မြီရှင်နိုင်ငံများ၏ တောင်းဆိုမှုများကြောင့် ဆီပရက်စ် အနေဖြင့် နောက်ထပ် ချေးငွေသစ်ကို လက်ခံခဲ့ရသည်။ ထို့နောက်တွင်မူ ဆီပရက်စ်က ပြည်သူ့ဆန္ဒကို ပြန်လည် အတည်ပြုရန် လိုပြီဟုဆိုကာ ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် ရွေးကောက်ပွဲ၏ မဲအားလုံးနီးပါးကို ရေတွက်ပြီးချိန်တွင် ဆီပရက်စ်၏ ဆိုင်ရစ်ဇာ ပါတီက မဲအရေအတွက် ၃၅ ရာခိုင်နှုန်းအထက် ရရှိထားသည်။ ထို့ကြောင့် အပြတ်အသတ် အနိုင်ရမှုမျိုးဟု မဆိုနိုင်ဘဲ ဆီပရက်စ် အနေဖြင့် ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ဆိုင်ရစ်ဇာ ပါတီသည် အမျိုးသားရေး ဝါဒစွဲ လွတ်လပ်သော ဂရိလူမျိုးများ ပါတီနှင့် အတူပူးပေါင်း၍ အစိုးရတစ်ရပ် ဖွဲ့စည်းရန် ကြိုတင် သဘောတူညီထားသည်။

ကွန်ဆာဗေးတစ် ဒီမိုကရေစီ လမ်းစဉ်သစ် ပါတီကမူ မဲအရေအတွက် ၂၈ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ လက်ယာစွန်း ဝါဒစွဲဖြစ်ပြီး နိုင်ငံ၏ တတိယ အကြီးဆုံး နိုင်ငံရေး အင်အားစုဖြစ်သည့် ရွှေရောင်အရုဏ်ဦး ပါတီက ၇ ရာခိုင်နှုန်း မဲအရေအတွက်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဆီပရက်စ်က “ကျွန်တော့်အပေါ် အယုံအကြည် လွဲမှားမှုတွေကို ဖယ်ရှားနိုင်ခဲ့ပြီလို့ ခံစားမိပါတယ်။ ဂရိပြည်သူတွေက ရှင်းလင်းတဲ့ ဆန္ဒသဘောထားတစ်ရပ်ကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဂရိရဲ့ ပြည်တွင်းပြည်ပ အရေးကိစ္စတွေကို ကျွန်တော်က ရှေ့ဆက်ကိုင်တွယ် ဦးဆောင်ဖို့ ပြည်သူတွေက ယုံကြည်မှု ရှိနေပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော့် ပြည်သူတွေအတွက် ဂုဏ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းသည် ယခုအခါ အစိုးရသစ် ဖွဲ့စည်းရေးအတွက် အမျိုးသားရေး ဝါဒစွဲ လွတ်လပ်သော ဂရိလူမျိုးများ ပါတီ ဥက္ကဋ္ဌ ပါနော့စ် ကမ်မီနော့စ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်နေသည်။ ဇန်နဝါရီ ရွေးကောက်ပွဲတွင် ဆီပရက်စ် အနိုင်ရစဉ်ကလည်း ကမ်မီနော့စ်၏ ပါတီနှင့် ပူးတွဲကာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့ဖူးသည်။

ရွေးကောက်ပွဲ အောင်မြင်မှုအရ ဆိုင်ရစ်ဇာ ပါတီသည် လွှတ်တော်၌ အမတ်နေရာ ၃၀၀ အနက် ၁၄၅ နေရာကို ရရှိမည် ဖြစ်ပြီး ကွန်ဆာဗေးတစ် ဒီမိုကရေစီ လမ်းစဉ်သစ် ပါတီက ၇၅ နေရာ ရရှိမည် ဖြစ်သည်။ အမျိုးသားရေး ဝါဒစွဲ လွတ်လပ်သော ဂရိလူမျိုးများ ပါတီ အနေဖြင့်မူ အမတ်နေရာ ၁၀ နေရာသာ ပိုင်ဆိုင်မည်ဟုလည်း သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit : 7day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...