Thursday, September 10, 2015

နိုင်ငံခြသားဓားစာခံနှစ်ဦးကုအရောင်းစာရင်းတင်ကြောင်းISကြေငြာ

ဖမ်းဆီးထားသည့် နိုင်ငံခြားသား ဓားစာခံ နှစ်ဦးကို အရောင်းစာရင်း တင်လိုက်ကြောင်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က ကြေညာလိုက်သည်။


အိုင်အက်စ်တို့၏ အွန်လိုင်း မဂ္ဂဇင်းဖြစ်သည့် Dabiq၏ နောက်ဆုံးထုတ်ဝေမှုတွင် အဝါရောင် အကျဉ်းသား ဝတ်စုံနှင့် နိုင်ငံခြားသား နှစ်ဦး၏ ဓာတ်ပုံများကို စာတစ်မျက်နှာစီ ဖော်ပြထားသည်။ ယင်းတို့အနက် တစ်ဦးသည် နော်ဝေးနိုင်ငံသားဖြစ်ပြီး တစ်ဦးမှာ တရုတ်နိုင်ငံသားဖြစ်ကြောင်း၊ အဆိုပါ အကျဉ်းသားများကို ရောင်းချသွားမည်ဖြစ်ကြောင်း မဂ္ဂဇင်းတွင် ရေးသားထားသည်။

ဓာတ်ပုံများတွင် နိုင်ငံခြားသား တစ်ဦးချင်းစီ၏ မျက်နှာအနေအထားကို ရှုထောင့် အမျိုးမျိုးမှ ရိုက်ကူးထားသည့် ပုံရိပ်များ ပါဝင်နေသည်။ ၎င်းတို့ကို အရောင်းစာရင်း တင်ခြင်းသည် တစ်နည်းအားဖြင့် ၎င်းတို့၏ လွတ်မြောက်ရေးအတွက် ပြန်ပေးငွေ အတိုင်းအတာတစ်ရပ် တောင်းခံသည့် သဘောလည်း ဖြစ်သည်။ မဂ္ဂဇင်းထဲတွင် အကျဉ်းသား တစ်ဦးချင်းစီ၏ အမည်၊ ၎င်းတို့အတွက် သတ်မှတ်ထားသည့် အကျဉ်းသား အမှတ်စဉ်၊ နေရပ်လိပ်စာ၊ မွေးဖွားရာဇာတိ၊ မွေးသက္ကရာဇ် အစရှိသည့် အချက်အလက်များကိုပါ ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် စာမျက်နှာ အောက်ခြေတစ်နေရာတွင် အီရတ်ပြည်တွင်း ဖုန်းတစ်လုံး၏ နံပါတ်ကို ရေးသားထားပြီး “သတိပေးချက် : ဒီကမ်းလှမ်းမှုမှာ အချိန်အကန့်အသတ် ရှိတယ်”ဟုလည်း ခြိမ်းခြောက်ထားသည်။

နော်ဝေးနိုင်ငံ ဝန်ကြီးချုပ် အန်နာဆိုးလ်ဘာ့ဂ်က အသက် ၄၀ ကျော် အရွယ်ရှိ နော်ဝေးနိုင်ငံသား တစ်ဦးသည် ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ အထောက်အထားအားလုံးက ယင်းသည် အိုင်အက်စ်တို့၏ လက်ချက်ဖြစ်သည်ဟု ညွှန်ပြနေကြောင်း ဝန်ခံခဲ့သည်။ သူမက ယခုအခါတွင်မူ နော်ဝေးနိုင်ငံသားသည် အိုင်အက်စ်တို့၏ အကျဉ်းသား ဖြစ်နေသည်မှာ ပိုမိုခိုင်မာလာပြီဟုလည်း ဆိုသည်။

တရုတ်အစိုးရကမူ ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ မပေးသေးချေ။ အိုင်အက်စ်တို့ လက်ထဲတွင် နိုင်ငံခြားသား ဓားစာခံ ဒါဇင်နှင့်ချီ ရှိနေသည်ဟု ယူဆရပြီး အချို့သော နိုင်ငံအစိုးရများသည် မိမိတို့ နိုင်ငံသားများ လွတ်မြောက်ရေးအတွက် အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းနှင့် ငွေကြေး အပေးအယူ လုပ်ခဲ့သည်ဟု ကောလာဟလများလည်း ထွက်ပေါ်လျက် ရှိသည်။

အိုင်အက်စ်တို့သည် ၎င်းတို့၏ ပြန်ပေးငွေ တောင်းဆိုမှုကို မရရှိပါက ဓားစာခံများကို ခေါင်းဖြတ်ခြင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများဖြင့် ကွပ်မျက်ကာ ၎င်းတို့၏ ရပ်တည်မှုကို ခြိမ်းခြောက်ပြသခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်လေ့ရှိသည်။

_Ref: CNN

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...