Monday, September 14, 2015

ကမ္ဘာလှည့်ခရီးသွားအဖွဲ့ကိုအီဂျစ်လုံခြုံရေးများမှားယွင်းတိုက်ခိုက်

ကမ္ဘာလှည့် ခရီးသွား အဖွဲ့တစ်ခုကို စစ်သွေးကြွများနှင့် မှားယွင်းပြီး အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ လူ ၁၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။


စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံ အနောက်ပိုင်း သဲကန္တာရအတွင်းရှိ ကန့်သတ်ဇုန် တစ်ခုထဲသို့ ကမ္ဘာလှည့် ခရီးသည်ယာဉ်တန်း ဝင်ရောက်သွားစဉ် လုံခြုံရေး တပ်ဖွဲ့က မှားယွင်း တိုက်ခိုက်မိခဲ့ခြင်းဟု သိရသည်။ ဖြစ်ရပ်တွင် မက္ကဆီကို နိုင်ငံသား ၂ ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အီဂျစ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားသည့် တပ်ဖွဲ့တစ်ခုသည် ကျယ်ပြန့်သည့် သဲကန္တာရ ဧရိယာအတွင်း လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ခွဲ တစ်ခုကို ခြေရာခံ ရှာဖွေနေခြင်း ဖြစ်ပြီး ကားလေးစီး ရှေ့ဆင့်နောက်ဆင့် မောင်းနှင်နေသည့် ယာဉ်တန်းကို မှားယွင်း တိုက်ခိုက်မိခြင်း ဖြစ်သည်။

အီဂျစ်အစိုးရက ကန့်သတ်ဇုန် သတ်မှတ်ထားသည့် အဆိုပါ နေရာသို့ ကမ္ဘာလှည့် ခရီးသည်များ အဘယ်ကြောင့် ဝင်ရောက်နေသည်ကို စစ်ဆေးသွားမည်ဟု ကြေညာသည်။ မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အီဂျစ်၏ စီမံကိုင်တွယ်ပုံကို ရှုတ်ချခဲ့ပြီး ဝမ်းနည်းကြေကွဲဖွယ် ကိစ္စအတွက် အပြည့်အဝ တာဝန်ယူ စုံစမ်းစစ်ဆေးပေးရန် Twitterမှတစ်ဆင့် ရေးသား တိုက်တွန်းလိုက်သည်။

“ကျွန်ုပ်တို့ နိုင်ငံသားတွေ သေကြေခဲ့မှုအတွက် မက္ကဆီကို နိုင်ငံက အပြင်းအထန် ရှုတ်ချပါတယ်။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို တိတိကျကျ စုံစမ်းပေးဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက Twitterတွင် ရေးသားထားသည်။ အီဂျစ်၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် သွားရောက်ခွင့် ပိတ်ပင်ထားသည့် ဇုန်နေရာသို့ လိုင်စင်နံပါတ်ပြား မပါသည့် မော်တော်ကားများဖြင့် ဝင်ရောက် သွားလာခဲ့ကြောင်း၊ အဆိုပါ အဖွဲ့သည် အာဏာပိုင် အဖွဲ့များက ခွင့်ပြုမထားသည့် ဆာဖာရီ ခရီးစဉ် တစ်ခုကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

အီဂျစ်နိုင်ငံဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး ဂျော့ဂ်ျ အယ်လ်ဗာရက်ဇ်သည် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည့် ဒဏ်ရာရသူ မက္ကဆီကို နိုင်ငံသား ၅ ဦးကို ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

အီဂျစ်သည် နိုင်ငံရေး မတည်ငြိမ်မှု၏ နောက်ဆက်တွဲအဖြစ် ဘာသာရေး အစွန်းရောက် စစ်သွေးကြွများ၏ အုံကြွမှုများနှင့် ကြုံနေရသည်။ ထို့အပြင် အိုင်အက်စ်၏ အီဂျစ်တပ်ဖွဲ့ခွဲ တစ်ခုသည် ဆီနိုင်းဒေသတွင် စတင်ခြေကုပ်ယူကာ တိုက်ခိုက်လာသည့်နောက် အီဂျစ်စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...