Thursday, September 10, 2015

ရေဘေးသင့်ပြည်သူများအတွက်ငွေကျပ်၁၆ဘီလီယံသုံးစွဲထား

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် လများအတွင်းက ရေကြီး၊ ရေလျှံမှုများကြောင့် သဘာဝ ဘေးအန္တရာယ် ခံစားခဲ့ရသော ပြည်သူများ အတွက် နိုင်ငံတော် အစိုးရမှ ယနေ့အထိ ငွေကျပ် (၁၆) ဘီလီယံ သုံးစွဲထားပြီး ဖြစ်ကြောင်း၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။''ဒီအသုံးစရိတ်တွေက ပျက်စီးဆုံးရှုံးများတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး သုံးခုမှာ အများဆုံး သုံးစွဲခဲ့တာ ဖြစ်တယ်'' ဟု အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံတော် အစိုးရမှ အသုံးစရိတ် တိုးမြှင့်သုံးစွဲသည့် ဒေသများမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ ဖြစ်ပြီး၊ ယင်းဘတ်ဂျက်ဖြင့် လိုအပ်သည့် လူမှုရေး စောင့်ရှောက်မှုများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ နှင့် စားဝတ်နေရေး စသည်တို့ အတွက် သုံးစွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော် အစိုးရမှ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ငွေကျပ် (၃၈ ဒသမ ၈) ဘီလီယံ နိုင်ငံတော် သမ္မတ အရေးပေါ် ရန်ပုံငွေမှ ငွေကျပ် (၂၂ ဒသမ ၈) ဘီလီယံ၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ငွေကျပ် (၃ ဒသမ ၂) ဘီလီယံ စသည်တို့ကို ခွဲဝေသုံးစွဲနေကြောင်း အထက်ပါ ကော်မတီမှ သိရသည်။ကုလသမဂ္ဂ အဖွဲ့ အပါအ၀င် နိုင်ငံတကာမှ ရန်ပုံငွေ ကန်ဒေါ်လာ (၃၅) သန်း ရရှိခဲ့ ပြီး နိုင်ငံတကာ ပုဂ္ဂလိက ကဏ္ဍတို့မှ ခန့်မှန်း အလှူငွေ ကန်ဒေါ်လာ (၃ ဒသမ ၄) သန်း နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ရရှိသည့် အထောက်အပံ့များနှင့် ရေဘေးသင့် သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ လူသုံးကုန်ပစ္စည်းများ စသည်တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးကို ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ၊ စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။''ရေဘေးသင့် သူတွေအတွက် စားဝတ်နေရေး ကတော့ ပူစရာမလိုဘူး။ အဓိက ကတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေပဲ၊ အဲဒီမှာတော့ လိုအပ်ချက် တော်တော် ရှိလာနိုင်တယ်'' ဟု ဧရာဝတီ ဖောင်ဒေးရှင်းမှ ဦးမိုးအောင်ချောက ဆိုသည်။

ထို့ပြင် ဧရာဝတီ ဖောင်ဒေးရှင်းမှ ရေဘေးသင့်သူများ ကူညီ ထောက်ပံ့နိုင်ရန် လိုအပ်သည့် ငွေကြေးကိုလည်း ထောက်ပံ့ပေးနေကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit : messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...