အစ္စလာမ် ဘာသာရေး၏ အထွဋ်အမြတ် နေရာဖြစ်သည့် မက္ကာမြို့တော်၌ ကရိန်းပြိုကျပြီး လူပေါင်းရာချီ သေဆုံးမှုနှင့် ပတ်သက်၍ အလေးအနက် စုံစမ်း အဖြေရှာသွားမည်ဟု ဆော်ဒီအာရေးဗီးယား ဘုရင်က ကတိပြု ပြောကြားလိုက်သည်။
မက္ကာတွင် ဟာ့ဂ်ျ ဝတ်ပြုခရီးစဉ် လာရောက်သူများနှင့် စည်ကားနေချိန်တွင် နိုင်ငံတော် ဗလီမှ ကရိန်းတစ်ခု ပြိုကျပြီး လူပေါင်း ၁၀၇ ဦးထိ သေဆုံးကာ ၂၃၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ကရိန်းပြိုကျမှုသည် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ဟာ့ဂ်ျဝတ်ပြုကာလ မစတင်မီ ၁၀ ရက်အလို စက်တင်ဘာ ၁၁ ရက်တွင် ပေါ်ပေါက်ခဲ့သော်လည်း ကမ္ဘာအနှံ့မှ မွတ်ဆလင် ဝတ်ပြုသူများစွာ မက္ကာသို့ ရောက်ရှိနေပြီဟု ဆော်ဒီအာဏာပိုင်များက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာ ဗလီကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်ပြီး အစ္စလာမ် ဘာသာရေးအရ အမြင့်မြတ်ဆုံး နေရာတစ်ခုဖြစ်သည့် ကာဘားဧရိယာနှင့် ဆက်စပ် တည်ရှိနေသည်။
ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အက်ဘ်ဒူလာဇစ်က သေဆုံးသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ယခုဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ အကြောင်းရင်းကို မခြွင်းမချန် ပေါ်ပေါက်လာအောင် စုံစမ်းမည်ဟု ကတိပြုခဲ့သည်။
“ဝတ်ပြုသူ အများအပြား အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် ကျွန်ုပ်တို့ နောက်ဆုံး အဖြေထွက်ပေါ်လာတဲ့ထိ စုံစမ်းစစ်ဆေးသွားပါမယ်။ သိရှိသမျှ အချက်အလက် အားလုံးကို ပြည်သူတွေဆီ ထုတ်ပြန်ပေးသွားပါမယ်”ဟု မက္ကာသို့ ကိုယ်တိုင် သွားရောက်ခဲ့သည့် ဘုရင် ဆယ်လ်မန်က ဆိုသည်။
သေဆုံးသူများတွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီဂျစ်၊ အီရန်၊ တူရကီ၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နိုင်ငံသားများ ပါဝင်ကြောင်း ကနဦး စစ်ဆေးမှုများအရ သိရှိရသည်။ “မိုးခြိမ်းသလို အသံကြီး ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကရိန်းကြီး ပြုတ်ကျလာတာပဲ”ဟု ဖြစ်ရပ်ကို မျက်မြင်ကြုံခဲ့သည့် မော်ရိုကို နိုင်ငံသား ဝတ်ပြုသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။
ဆော်ဒီအစိုးရက ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့သည့်တိုင် စက်တင်ဘာ ၂၁ ရက်တွင် မူလစီစဉ်ထားသည့်အတိုင်း ဟာ့ဂ်ျဝတ်ပြုပွဲတော်ကို ကျင်းပသွားမည်ဟုလည်း ကြေညာသွားသည်။
_Ref: CNA
No comments:
Post a Comment