Monday, September 7, 2015

မြန်မာအမျိုးသမီးအသင်းတရုပ်တွင်ခြေစမ်းပွဲနှစ်ပွဲကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် တရုတ်နိုင်ငံ လေ့ကျင့်ရေး ခရီးစဉ်အတွင်း တရုတ်အမျိုးသမီး ကလပ်အသင်းများနှင့် ခြေစမ်းပွဲ နှစ်ပွဲကစားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
၂၀၁၆ အိုလံပစ်ပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာ ၁ မှ ၈ ရက်အထိ တရုတ်နိုင်ငံ နန်ကျင်းမြို့၌ လေ့ကျင့်မည်ဖြစ်သည်။
‘‘တရုတ်နိုင်ငံ လေ့ကျင့်ရေးခရီးစဉ်မှာ တရုတ် ပရော်ဖက်ရှင်နယ် အမျိုးသမီး ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲ နှစ်ပွဲကစားဖို့ စီစဉ်ထားပါတယ်။ တရုတ်ခရီးစဉ်ကနေ စက်တင်ဘာ ၉ ရက် ပြန်ရောက်ပြီး ခြေစစ်ပွဲကျင်းပမယ့် မန္တလေးမြို့မှာ သွားရောက် လေ့ကျင့်မှာဖြစ်ပါတယ်’’ဟု မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နည်းစနစ်ဒါရိုက်တာ ဦးအေးမောင်ကြီးက ပြောသည်။
မြန်မာအမျိုးသမီး အသင်းသည် မတ်လအတွင်း ကျင်းပခဲ့သည့် အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲတွင် အိန္ဒိယနှင့် သီရိလင်္ကာ အသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီး ဒုတိယအဆင့်၌ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ) ဂျော်ဒန်အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို စက်တင်ဘာ ၁၄ မှ ၂၂ ရက် အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ လက်ခံကျင်းပမည် ဖြစ်သည်။
တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့် ခြေစမ်းသည့် မြန်မာအမျိုးသမီး အသင်းတွင် ကစားသမား ၂၃ ဦး ပါဝင်ပြီး အပြီးသတ် ကစားသမား ၂၀ ဦးကို တရုတ် လေ့ကျင့်ရေးခရီးစဉ် အပြီး၌ ရွေးချယ်မည် ဖြစ်သည်။
အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း အပါအ၀င် ပြိုင်ပွဲဝင် ငါးသင်းသည် ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံး ရရှိခဲ့သည့် ထိပ်ဆုံးတစ်သင်းသာ တတိယအဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ဗိုလ်ဗိုလ်ဝင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...