စက်တင်ဘာ ၁၄ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင် လမ်းနှင့် အက္ခရာစဉ်၍ ကြေညာမှုကြောင့် အမည်စာရင်း စစ်ရာတွင် ရှာဖွေရခက်ခြင်း၊ အချက်အလက် ပြင်ဆင်လျှောက်ထားသူ အချို့၏ အချက်အလက်များ ဆက်လက် မှားယွင်းနေခြင်း၊ မှားယွင်းမှုအသစ်များ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် သံသယပိုများ လာစေခဲ့ကြောင်း မဲစာရင်း သွားကြည့်သူ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။
ယခုကြေညာထားသည့် မဲစာရင်းသည် ရွေးကောက်ပွဲမတိုင်မီ မိမိအမည်စာရင်းအား မဲစာရင်းတွင် ပါဝင်ရေး ဆောင်ရွက်ရန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
“ပြီးခဲ့တဲ့ မဲစာရင်းထုတ်တုန်းက ကျွန်တော့် နာမည်မပါဘူး။ ဖောင်ပြန်ဖြည့်ပြီးတော့ ဥက္ကဋ္ဌလက်ထဲကို ကျွန်တော်ကိုယ်တိုင် သွားပေးတယ်။ ဥက္ကဋ္ဌက လက်ခံယူထားတယ်။ အခုကျွန်တော့်နာမည် ထပ်မပါဘူး။ ကျွန်တော့်မှာ အိမ်ထောင်စု စာရင်းလည်း ရှိတယ်။ မှတ်ပုံတင်လည်း ရှိတယ်။ ရပ်ကွက်မှာနေနေတာ ၁၀ နှစ်နီးပါးရှိပြီ။ ကျွန်တော့်အမြင်က ရွေးကောက်ပွဲ ကော်မရှင်က တော်တော် ပေါ့တီးပေါ့လျော့ လုပ်တဲ့အဖွဲ့လို့ ကျွန်တော် ထင်တယ်။ ပြည်သူတွေက တစ်နိုင်ငံလုံးက အလေးထားနေတဲ့ ကိစ္စတစ်ခုကို အခုလို လုပ်ဆောင်တာဟာ ကောင်းတဲ့ အလေ့အထ မဟုတ်ဘူးလို့ ထင်တယ်။ နိုင်ငံနဲ့ချီတဲ့ အဖွဲ့အစည်းကြီး တစ်ခုအနေနဲ့ ဒီထက်ပိုပြီး စနစ်တကျ လုပ်ဆောင်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဗိုလ်တထောင်မြို့နယ်မှာ မဲစာရင်းတွေ စဉ်လိုက်တဲ့ အခါမှာ လမ်းအလိုက်ပါတာ မဟုတ်ဘဲနဲ့ အိမ်နံပါတ် အလိုက် စဉ်တာဖြစ်တဲ့အတွက် ရှုပ်ရှက်ခတ်ပြီးတော့ ရပ်ကွက်ရုံးမှာ ရှာရဖွေရ အခက်အခဲ ဖြစ်နေတယ်လို့ မြို့နယ်ကော်မရှင်ခွဲက ပြောပါတယ်” ဟု ဒါရိုက်တာရီဇော်က ပြောကြားသည်။
အလားတူ ဒါရိုက်တာဝိုင်းကလည်း “အခု မဲစာရင်းမှာ ကျွန်တော် လျှောက်ထားတာ မပါဘူး။ အခုနေတဲ့ နေရာမှာ ခြောက်လကျော်ပြီ။ နောက်မဲစာရင်းမှ ထည့်ပေးမယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒီလိုပဲ အမှားအယွင်းတွေက ရှိနေတယ်။ ပထမအကြိမ် လုပ်ထားတဲ့အရာကို အခုလို ပြောင်းပြန်လုပ်လိုက်တယ် ဆိုတာကို စဉ်းစားလို့ မရတာ။ ပုံစံက အသေဖြစ်ရမယ်လေ။ အခုက လူတွေအကုန်လုံးကလည်း လည်ကုန်တယ်။ မှားပြီးသားကလည်း ထပ်မှားတယ်။ ပြင်တယ်သာ ပြောတယ်။ မှန်ပြီးသားတွေ ပြန်မှားသွားတာကို ကြားရတယ်။ မဲစာရင်းကိုတောင် မှန်အောင် မလုပ်နိုင်ဘူးဆိုရင် တိုင်းပြည် တစ်ပြည်ကို ဘယ်လိုတည်ထောင် နေကြလဲ ဆိုတာကို မေးခွန်းတစ်ခု မေးစရာဖြစ်နေတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းလည်း ကောက်တယ်။ လူဝင်မှုကြီးကြပ်ရေး ဆိုတာကလည်း ဖွဲ့ထားတာ ကြာလှပြီ။ လူဦးရေရှိတဲ့ စာရင်းဇယားက မမှန်ကန်ဘူးဆိုရင် ကျွန်တော်တို့က ဘယ်စာရင်းဇယားက မှန်ကန်တယ်လို့ ယုံကြည်ရမှာလဲ။ အခွန်အခတွေကျ ပေးနေရတယ်။ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ သူတာဝန် ယူထားတာ ငါးနှစ်ပါ။ ကြီးမားတဲ့ သော့ချက်ကို တာဝန်ယူထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ဒီအချိန်မှာတော့ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်း မှန်တယ်ဆိုတဲ့ စကားကို ပြောရဲတဲ့ သတ္တိရှိရမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါမှ တာဝန်သိ၊ တာဝန်ရှိ၊ တာဝန်ယူတတ်တဲ့သူ တစ်ယောက်ဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ဘူး သူပြောတဲ့ ၃၀ ရာခိုင်နှုန်းပဲ မှန်တယ်ဆိုတော့ သူ့တာဝန် သူမကျေဘူး။ သူ့တာဝန် သူမယူဘူးဆိုတာ ပြနေတယ်။ တာဝန်ယူတတ်တဲ့သူ၊ တာဝန်ခံတတ်တဲ့သူ ဆိုရင် သူ့အသိစိတ်ဓာတ်နဲ့ နုတ်ထွက်ပေးသင့်တယ်” ဟု ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်တင်ဘာ ၁၄ ရက်တွင် စတင်မကြေညာမီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ယခုကပ်မည့် မဲစာရင်းတွင် အာမခံနိုင်သည်မှာ လာကြည့်သည့် ရာခိုင်နှုန်း ၃၀ ပဲဖြစ်ကြောင်း၊ လာကြည့်သည့် ရာခိုင်နှုန်း ၃၀ မှန်နိုင်ကြောင်း၊ လာမကြည့်သည့် ရာခိုင်နှုန်း ၇၀ မသေချာကြောင်း ပြောကြားထားမှုများ ရှိသည်။
“အခုရွေးကောက်ပွဲ မဲစာရင်းနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဒီလိုပြောတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကော်မရှင်မှာပါတဲ့ ပုဂ္ဂိုလ်များသည် မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းနဲ့မှ ဘယ်လိုပုံစံနဲ့မှ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုတယ်။ ပြီးတော့ တိုင်းပြည်မှာ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဦးဘဌေးတို့ ဦးစောကြာဒိုးတို့လို ပုဂ္ဂိုလ်တွေက မည်သည့်ပါတီ မည်သည့် အဖွဲ့အ စည်းမှ မပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီတော့ တိုင်းပြည်မှာလည်းပဲ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ အခုလည်းပဲ ဘာပဲဖြစ်ဖြစ် ဒီလိုပုဂ္ဂိုလ်တွေ ပါဝင်ဖို့လိုပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ၀င် ဦးအေးသာအောင်က ပြောကြားသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က “အန်ကယ်ကတော့ ပြည်သူလူထုနဲ့၊ CSO တွေ၊ NGO တွေ စသည်ဖြင့်ပေါ့နော်။ ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီတွေအားလုံးက ကောင်းပြီ ကော်မရှင် ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်းကို ပြည်သူကနေ မဲစာရင်း ပြင်ဆင်ဖြည့်စွက်ခွင့်ရတဲ့ ကာလအတွင်းမှာ ၇၀ ရာခိုင်နှုန်းကို တာဝန်ယူပြီးတော့ တက်တက်ကြွကြွ လုပ်ဖို့တော့ လိုတယ်။ အဲဒါမှ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီ အကူးအပြောင်းအတွက် အထောက်အပံ့ဖြစ်မယ်” ဟု ပြောကြားသည်။
“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုကို တကယ်ပဲလုပ်ပြီ ဆိုရင်တော့ မဲစာရင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စ တစ်ခုကိုလည်း တိတိကျကျ မှန်မှန်ကန်ကန်လေးနဲ့ လုပ်ပေးစေချင်တယ်လေ။ မဲစာရင်းက အဓိက ကော်မရှင်မှာ တာဝန်အရှိဆုံးပဲ” ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
လှိုင်မြို့နယ် ၁၃ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့သော မဲဆန္ဒရှင်စာရင်းမှ အလွန်အကျွံ လွဲချော်မှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံသို့ ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို စက်တင်ဘာ ၁၄ ရက်က ပေးပို့ခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီး အရေးပါသော ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့အတွက် မဲဆန္ဒရှင် စာရင်းသည် မှန်ကန်တိကျသော၊ အင်မတန်မှ မရှိမဖြစ် လိုအပ်သော စာရင်းဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့ပါသောကြောင့် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ မှန်မှန်ကန်ကန် စနစ်တကျ ပြုစုဖို့က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အသီးသီး၏ တာဝန်ဖြစ်ပြီး ပကတိမြေပြင် အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပြုစုရမှာ ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသော မဲဆန္ဒရှင် (ပ)အကြိမ် ကြေညာသော မဲစာရင်းမှာ မှားယွင်းတာ၊ မပါတာ၊ လူမရှိဘဲ စာရင်းပါတာ လောက်ပဲရှိပြီး (ဒု) အကြိမ် မဲစာရင်းကတော့ မဲစာရင်းလို့ ပြောမရလောက်အောင် တော်တော် လွန်လွန်ကျူးကျူး လွဲချော်နေတာကို တွေ့ရပါကြောင်း ရေးသားထားသည်။
ဆက်လက်ပြီး အဆိုပါ အိတ်ဖွင့်ပေးစာတွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်တယ်လို့ ပြောခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တာဝန်မဲ့ရာ ကျလွန်းပြီး လာမကြည့်လို့ မှားတာပါလို့ ပြောလို့မရကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင် စာရင်းများကို မှန်ကန်တိကျအောင် တာဝန်ယူ ပြုစုရမည်ဟု မိမိအနေဖြင့် ခံယူထားကြောင်း၊ အောက်ခြေ ရပ်/ကျေး အဆင့်မှ ပြုစုပေးလိုက်သည့် မဲစာရင်းများကို အထက်မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စေတနာပါပါနှင့် ပြန်လည်သုံးသပ်၊ အစီအစဉ်တကျ ဖြစ်အောင် စီမံခန့်ခွဲပေးရမယ်လို့ ထင်ပါ ကြောင်း၊ အခုဖြစ်နေသည်မှာ အောက်ခြေရပ်/ကျေးမှ ပြုစုလိုက်သည့် မဲရုံအလိုက်၊ လမ်းအလိုက်၊ ရာအိမ်မှူးအလိုက် စနစ်တကျပြုစု ပေးထားတဲ့ မဲစာရင်းကို ဘယ်လိုစီမံခန့်ခွဲမှု ပုံစံနှင့် လုပ်လိုက်လဲ မသိကြောင်း၊ (ဒု) အကြိမ် မဲစာရင်းဟာ အသုံးချလို့မရတဲ့ မဲစာရင်း၊ မဲလာကြည့်သူ ကြည့်ဖို့ရာ အလွန်မလွယ်ကူတဲ့ မဲစာရင်း၊ မဲပေးရာမှာ ခက်ခဲမှုများ ဖြစ်နိုင်တဲ့ မဲစာရင်း ဖြစ်သွားကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအသီးသီးမှာ လုံးဝတာဝန်ရှိသည်ဟု ယူဆ၍ ဥက္ကဋ္ဌကြီး အနေဖြင့် အလွဲတွေ မဖြစ်အောင်၊ အချိန်မီပြန်လည် ပြုပြင်နိုင်အောင် အမြန်ဆုံး ညွှန်ကြားပြသ ပေးပါရန် အကြံပြု တင်ပြအပ်ပါကြောင်း ရေးသားထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်း၌ အမည်စာရင်း ပါဝင်မှသာ မဲပေးခွင့်ရရှိမည်ဖြစ်၍ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၂၇ ရက်ထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြေညာမည့် မဲစာရင်းအား ပြည်သူများအနေဖြင့် ကြည့်ရှုစစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
ပြည်သူများ အနေဖြင့် မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များ မှားနေလျှင် ပုံစံ (၄) (ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်သည်။
သို့ရာတွင် အခြားမြို့နယ်တစ်ခု၌ ခေတ္တလာရောက် နေထိုင်သူများ၏ မဲစာရင်းများသည် မိမိတို့ အမြဲတမ်း နေထိုင်သည့် အိမ်ထောင်စုစာရင်း လ၀ကပုံစံ(၆၆/၆) (အရပ်အခေါ် သန်းခေါင်စာရင်း) ရှိသော ရပ်ကွက်၊ ကျေးရွာမဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပြည်သူများ အနေဖြင့် မိမိမူလ အိမ်ထောင်စုစာရင်း ရှိနေသည့် နေရာဒေသတွင် မဲစာရင်း ကပ်ထားပါက မိမိအမည်စာရင်း ပါ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။
ထိုသို့ မိမိမူလ အိမ်ထောင်စု စာရင်းရှိသည့် နေရာဒေသတွင် မဲစာရင်းပါဝင် မှန်ကန်ကြောင်း အတည်ပြုစစ်ဆေး ပြီးသော်လည်း အဆိုပါ နေရာမှ အခြားမဲဆန္ဒနယ် ဒေသတစ်ခုသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိ နေထိုင်နေပြီး ရွေးကောက်ပွဲ၌ မိမိမဲဆန္ဒနယ်သို့ ပြန်လည် မဲပေးခြင်းမပြုလိုဘဲ ရောက်ရှိနေသည့်နေရာ ဒေသရှိ မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးလိုပါက အဆိုပါ ရောက်ရှိနေထိုင်သည့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ ပုံစံ(၃-က)ဖြင့် လျှောက်ထားရမည့် နောက်ဆုံးရက်မှာ အောက်တိုဘာ ၁၀ ရက် ဖြစ်သည်။
ယင်းကဲ့သို့ ပုံစံ(၃-က)ဖြင့် မလျှောက်ထားပါက ရွေးကောက်ပွဲနေ့တွင် မိမိမဲစာရင်း ရှိသည့်ဒေသသို့ ပြန်လည်သွားရောက် မဲပေးမှသာ မဲပေးခွင့် ရရှိမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုအား “မဲဆန္ဒရှင် စာရင်းမှာ နာမည်သတ်ပုံ မှားနေမယ်။ မွေးသက္ကရာဇ်ဂဏန်း မှားနေမယ်။ မှတ်ပုံတင်နာမည် မှားနေမယ်။ သူတို့က အချိန်မီ မပြင်လိုက်ရဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့ကျ သူ့မှာသန်းခေါင်စာရင်းလည်း ပါလာမယ်။ မှတ်ပုံတင်လည်း ပါလာမယ်ဆိုရင် အဲဒီလူတွေကို မဲထည့်ခွင့်ပေးမလား” ဟု မေးမြန်းခဲ့ရာ “မှတ်ပုံတင် ယူလာရမယ်ဆိုတာ မဖြစ်မနေ မဟုတ်ပါဘူး။ သန်းခေါင်စာရင်း ပါစရာလည်း မလိုဘူး။ မဲစာရင်းမှာ နာမည်ပါပြီး အသေးအမွှား မှားနေတယ် ဆိုရင်လည်း မဲထည့်လို့ရတယ်။ ဥပဒေမှာ ဆိုထားတာက မဲစာရင်းမှာ ပါလို့ရှိရင် မဲပေးလို့ရတယ်။ (နာမည်သတ်ပုံ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် ကိန်းဂဏန်းအချို့ လွဲနေပါကလည်း မဲပေးခွင့်) ရှိပါတယ်။ နည်းဥပဒေထဲမှာ ဆိုထားတာ တချို့အသေးအမွှား အမှားအယွင်းတွေဆိုရင် တစ်ခါတည်း သက်ဆိုင်ရာ ကော်မရှင်က ပြင်လို့ရပါတယ်။ အဲဒီလောက်ထိ ခွင့်ပြုထားပါတယ်။ ဒါက ဒီရပ်ကွက်ထဲက လူတွေပဲ။ တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာပဲ။ နာမည်လေးက စာလုံးပေါင်းလေး နည်းနည်းမှားပေမယ့် မိဘနာမည် လောက်အထိ၊ နေရပ်လိပ်စာလောက် အထိကတော့ တူစရာအကြောင်း မရှိပါဘူး။ ဒီပြင် လူကလေ။ ရပါတယ်။ အဲဒီလောက်အထိတော့ အသေးစိတ် မလိုပါဘူး” ဟု ဖြေကြားထားသည်။
စက်တင်ဘာ ၁၄ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင် အမှားများ ဖြစ်ပေါ်နေမှုအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နှစ် လေး၊ ငါးဆယ်၊ ခြောက်ဆယ် လူထုကို ဘာမှသင်ပေးထားတာ မဟုတ်ဘဲ။ ကော်မရှင်မှာ တာဝန်ရှိတယ်။ တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့ဗျာ။ အခုကိစ္စက အုပ်ချုပ်ရေးပိုင်းတွေလည်း ပါတယ်။ အမှန်တော့ ဒီထက်ပိုဖြစ်သင့်တာပေါ့။ ကျွန်တော့် အယူအဆကတော့ ကော်မရှင်က တာဝန်ယူသင့်တယ်။ လူထုကို တာဝန်ပြန်ပေးတာတွေက သိပ်မကောင်းဘူး။ မြို့ပေါ်မှာ ပြဿနာ မရှိဘူး။ ကျွန်တော်တို့တောမှာ ပြဿနာရှိတယ်။ တောချင်းအတူတူ ပြည်နယ်တွေမှာ ရှိတဲ့တောက ပိုပြီးတော့ ဒုက္ခရောက်တယ်။ မဲစာရင်းလာကြည့်ဖို့ သုံးမိုင်လောက် လမ်းလျှောက်လာပြီး လာကြည့်။ ဟိုလည်း ရောက်ရော စာက မဖတ်တတ်။ အဲဒီလိုဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ကော်မရှင်က တာဝန်ယူသင့်တယ်။ ကော်မရှင်မှာ ပိုက်ဆံတွေလည်း ရှိတယ်။ ဘယ်နေရာမှားလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မပြောတတ်တော့ဘူး။ တရားမျှတအောင် ဘယ်လောက် လုပ်ပေးနိုင်သလဲ၊ မလုပ်ပေးနိုင်သလဲ အဲဒါက သမိုင်းဖြစ်မှာပဲ။ အဲဒီအပေါ် မူတည်တယ်” ဟုဆိုသည်။
မဲစာရင်း အမှားများနှင့် ပတ်သက်၍ ပြောစကားအချို့
■ ဒေါက်တာ သန်းထွဋ်အောင် (CEO-Eleven Media Group)
“အသက် ၅၂ နှစ်ရှိပြီဗျာ။ မဆလခေတ်မှာလည်း မဲထည့်ဖူးတယ်။ ၁၉၉၀ မှာလည်း မဲထည့်တယ်။ ၂၀၁၀ မှာလည်း မဲထည့်တယ်။ မဲထည့်ရမယ့်နေ့ကျမှ သွားထည့်ခဲ့တာချည်းပဲ။ မဲစာရင်း စစ်ပါလို့ ဘယ်ရွေးကောက်ပွဲ ကော်မရှင်ကမှ မလှုံ့ဆော်ဘူး။ အိမ်ထောင်စု ဇယားရှိတယ်။ မှတ်ပုံတင်ရှိတယ်။ တစ်ခါမှ မမှားဖူးဘူး။ အခုအစိုးရလက်ထက် သမ္မတကြီး တိုက်ရိုက်ခန့်တဲ့ ဦးတင်အေး လက်ထက်ကျမှ အလုပ်ပိုလုပ်ပြီး မဲစာရင်း ကြည့်ရတယ်။ ပထမအကြိမ် ကြည့်တုန်းက အိမ်က မဲပေးရတဲ့သူ ငါးဦးမှာ တစ်ဦးမှားတယ်။ ပြင်လိုက်တယ်။ ဒုတိယအကြိမ်မှာ ဒီတစ်ခု မှန်သွားတယ်။ ကျန်တဲ့ လေးဦးမှားသွားတယ်။ ခဏ ခဏ မှားယွင်းတယ်ဆိုတာ ယုတ္တိမရှိပါဘူး။ လက်ရှိမဲစာရင်း အခြေအနေတွေအရ ဆိုရင်တော့ ဥက္ကဋ္ဌ ဦးတင်အေးအပေါ်မှာ ဂျာနယ်လစ် တစ်ယောက် အနေနဲ့ရော၊ မဲဆန္ဒရှင်တစ်ယောက် အနေနဲ့ရော သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို စနစ်တကျ ကျင်းပပြုလုပ် ပေးနိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး”
_______________________________________________________________________________
■ ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
“အခုရွေးကောက်ပွဲ မဲစာရင်းနဲ့ ပတ်သက်လို့ ပထမတစ်ကြိမ် မှားခဲ့ပြီးပြီ။ ၃၀ ရာခိုင်နှုန်းက နေ ၈၀ ရာခိုင်နှုန်းထိ မှားတယ်ဆိုတော့ ရိုးရိုးသားသား မှားတာလား။ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ရည်ရွယ်ချက် တစ်ခုခုနဲ့ မှားတာလား ပြောဖို့တော့ ခက်တယ်။ ဥပမာ ကျွန်တော်တို့ မိသားစု မဲစာရင်းထဲမှာ မပါဘူး။ ကျွန်တော်တို့ ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဆွေ မဲစာရင်းထဲမှာ မပါဘူး စသည်အားဖြင့်ပေါ့။ ဒီလိုကိစ္စတွေ တကယ်ပဲ ရိုးရိုးတန်းတန်း ဖြစ်တာလား။ ရည်ရွယ်ချက်တစ်ခုခုနဲ့ ဖြစ်တာလား။ ပြောစရာ စဉ်းစားစရာ ဖြစ်လာတယ်။ အခုတစ်ခါ ထပ်ပြီးတော့ မဲစာရင်းကို မှန်အောင် ပြုစုပေမဲ့လည်း အမှားတွေ ပါနေတယ်။ အမှားတွေ များနေတယ်ဆိုတော့ ဒါဟာ တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေမှာ တာဝန်မရှိဘူး”
_______________________________________________________________________________
■ ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
“ရွေးကောက်ပွဲတစ်ခု ကျင်းပတယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းမှန်ကန်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက သူ့ရဲ့ကော်မရှင်နှင့် လုပ်ပိုင်ခွင့်မှာ ပါတယ်လေ။ အဓိကတာဝန်ပဲ။ ဒီမဲစာရင်းကို ပြန်ကြည့်လို့ ရှိရင်လည်း ၂၀၁၀ တုန်းက ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ မဲစာရင်း ရှိတာပဲ။ ၂၀၁၂ လည်း ရှိတာပဲ။ နောက်ဆုံး မနေ့တစ်နေ့က ၂၀၁၄ က ကောက်ထားတဲ့ သန်းခေါင်စာရင်းတွေလည်း ရှိတာပဲ။ သန်ခေါင်စာရင်း၊ အိမ်ထောင်စုစာရင်း ရှိတာပဲ။ အဲဒီလို ရှိရဲ့သားနဲ့ မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ် ဆိုတာက ကော်မရှင်က ကိုယ့်တာဝန် ကိုယ်မကျေတာပေါ့။ ရွေးကောက်ပွဲ တစ်ခုဆိုတာက မဲစာရင်းပေါ် အခြေခံပြီး ရွေးကောက်ပွဲ လုပ်ရတာလေ။ အစကတည်းကမှ ရွေးကောက်ပွဲမှာ မဲစာရင်းက မမှန်ကန်ဘူး ၃၀ ရာခိုင်နှုန်းလောက်ပဲ တာဝန်ခံနိုင်မယ်။ မမှန်ဘူး။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းလောက်က တာဝန်မခံ နိုင်ဘူးဆိုရင် အဲဒီမဲစာရင်းပေါ် အခြေခံပြီးလုပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှန်နိုင်မှာလဲ”
_______________________________________________________________________________
■ ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)
“နှစ်ပေါင်း ၅၀ လုံး လူထုကို စာမသင်ခဲ့ဘူးလေ။ ဘာစာမှ မသင်ဘဲနဲ့ အခုမှ လာကြည့်ပါဆိုတော့ ကျွန်တော်တို့ ဘက်မှာဆိုရင် စာမှမတတ်ဘဲ။ မဲစာရင်းမှ မကြည့်တတ်ဘဲ။ မဲစာရင်း ဘယ်သူ့ကို သွားကြည့်ခိုင်းမလဲ။ မဲစာရင်းကြည့်ဖို့ အတွက် လူငှားထားရတယ်။ အမှန်က ဖြစ်သင့်တာက ဒီကိစ္စတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူသင့်တယ်။ အရင် ရွေးကောက်ပွဲ ကော်မရှင်တွေက ပြည်ပအထောက်အပံ့ မရှိဘူးဗျ။ အခုရွေးကောက်ပွဲ ကော်မရှင်က ပြည်ပအထောက်အပံ့ရှိတယ်။ နည်းနည်းနောနော မကဘူး။ အများကြီးရှိတယ်။ သူတို့အပြီး လုပ်နိုင်တယ်။ ကျွန်တော့်အယူအဆ အရတော့ သူတို့အစအဆုံး အပြီးလုပ်သင့်တယ်။ လူထုကို မပုံချသင့်ဘူး။ ခင်ဗျားတို့ သွားကြည့်ကြ။ ခင်ဗျားတို့ ပါဝင်ဖို့။ ကိုယ့်ကိစ္စ ကိုယ်လုပ်မှ ရမယ်ဆိုတာမျိုး မလုပ်သင့်ဘူး။ ခေတ်အဆက်ဆက်လည်း မလုပ်ခဲ့ဖူးဗျာ။ အခုကျမှ လာလုပ်တယ်ဆိုတော့ မကောင်းဘူးလေ”
Eleven media grop
Politics
Thursday, September 17, 2015
နယ်စပ်ကုန်သွယ်ရေးဖြင့်ပြည်ပသို့ဆန်တင်ပို့မှုအကန့်အသတ်ဖြင့်ပြန်လည်ခွင့်ပြု
ရေကြီးနစ်မြုပ်မှုကြောင့် ခေတ္တရပ်နားခဲ့သော ပြည်ပဆန် တင်ပို့မှုကို ပင်လယ်ရေကြောင်းမှ သာမက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှလည်း အကန့်အ သတ်ဖြင့် ပြန်လည်တင်ပို့ရန် ခွင့် ပြုလိုက်ကြောင်း သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ ဆန်းက ကြုံတွေ့ခဲ့ရသော ရေ ဘေးဒုက္ခကြောင့် ပြည်ပသို့ ဆန် တင်ပို့မှုကို တစ်လခွဲခန့်ရပ်နားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က စီးပွားကူးသန်းဝန်ကြီးဌာနသို့ တောင်းဆိုခဲ့သဖြင့် ရပ်နားခဲ့ သည်။ ထို့နောက် ပြည်ပသို့ ဆန် ပြန်လည်ရောင်းချမှုကို စက်တင် ဘာ ၁၅ရက်တွင် ခွင့်ပြုရန်မူလက စီစဉ်ထားသော်လည်း ပြည်တွင်း စားနပ်ရိက္ခာအခြေအနေကို စိုးရိမ် သဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်ကိုသာ စီးပွားကူးသန်းဝန်ကြီးဌာနက လိုင်စင်ပြန်လည်လျှောက်ခွင့်ပြုသည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့ဆန် ရောင်းချရာတွင် ယခုနှစ်ပိုင်း၌ နယ်စပ်ကုန်သွယ်ရေးမှ အများဆုံး ဖြစ်နေပြီး ယခင်ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၇၀ ရာခိုင်နှုန်းကျော်သည် နယ်စပ်ကုန်သွယ်ရေးဖြင့်သာရောင်းချခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စက်တင်ဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိအသင်းချုပ်ရုံး၌ ကုန်သည်များ စုပေါင်းအစည်းအဝေးပြုလုပ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနထံနယ် စပ်မှ ဆန်ရောင်းချခွင့်ပြုရန်တင် ပြရာတွင် အကန့်အသတ်ဖြင့်ခွင့် ပြုပေးခြင်းဖြစ်သည်။
‘‘အစည်းအဝေးပြုလုပ်ပြီးအ သင်းချုပ်က တင်ပြလို့ နယ်စပ်ကပြန်ခွင့်ပြုတာပါ။ ဒါပေမဲ့ အကုန်ရောင်းလိုက်လို့ မရဘူး။ အရန်ဆန်ထားရမယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
နယ်စပ်မှ ပြည်ပသို့ဆန်တင် ပို့မှုကို ခွင့်ပြုရာတွင် လိုင်စင်တစ် စောင်အတွက် တန်ချိန်ငါးရာသာ ခွင့်ပြုပြီးလိုင်စင်လျှောက်ထားမှု ကို နေပြည်တော်၌သာပြုလုပ်ရ မည်ဖြစ်သည်။ ယခင်က ပို့ကုန် လိုင်စင်ကို ရန်ကုန်၊ မန္တလေးမြို့ များတွင် လျှောက်ထားနိုင်သည်။ လိုင်စင်လျှောက်ထားရာတွင်ဝန် ကြီးအစည်းအဝေးဆုံးဖြတ်ချက် ဖြင့်သာ မည်မျှခွင့်ပြုမည်ကိုဆုံး ဖြတ်သည့်ပုံစံမျိုးဖြစ်နေသည်။
ယခင်က ဆန်တင်ပို့ရန်လိုင် စင်လျှောက်ထားရာတွင် ၀န်ကြီး ဌာနများမှ အရာရှိများ၏ဆုံးဖြတ် ချက်ဖြင့်အချိန်တစ်ရက်၊ အများဆုံးနှစ်ရက်သာကြာသော်လည်း ယခုအခါတွင် ၀န်ကြီးအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဖြစ်သည့်အတွက် လိုင်စင်တစ်ခုလျှင် တစ်ပတ်ခန့်အနည်းဆုံးကြာမြင့်နိုင်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်ဦးမျိုးသူရအေးက ပြောသည်။
ပို့ကုန်လိုင်စင်သက်တမ်းမှာ လည်း နယ်စပ်မှတင်ပို့မည်ဆိုပါ က ရက် ၃၀ သတ်မှတ်ထားပြီးပင်လယ်ရေကြောင်းမှ တင်ပို့မည်ဆိုပါက ၄၅ရက်သတ်မှတ်ထား သည်။ ထို့အပြင် လျှောက်ထား သော လိုင်စင်များကို သက်တမ်း တိုးခြင်း ခွင့်ပြုမည်မဟုတ် ကြောင်းနှင့်သတ်မှတ်ထားသော လိုင်စင်များကို ခွင့်ပြုထားသော သက်တမ်းအတွင်း တင်ပို့နိုင်ခြင်း မရှိပါက ပြန်လည်စိစစ်ပြီးမှ ခွင့် ပြုပေးမည်ဟုသိရသည်။
ထို့အပြင် နယ်စပ်မှ ရောင်း ချမည်ဆိုပါက လိုင်စင်လျှောက် ထားသောတင်ပို့မည့်ဆန်၏ ၂ရာ ခိုင်နှုန်း အရန်ဆန်အနေဖြင့်ထားရှိ ပြီး သဘောဝဘေးအန္တရာယ်ကြုံ တွေ့ချိန်တွင် အရေးပေါ်အခြေအ နေအရ လိုအပ်ပါက စတင်သို လှောင်ချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဆန်ပေါက်ဈေးနှုန်းဖြင့် နိုင်ငံတော် ၏အစီအစဉ်အတိုင်း ရောင်းချပေး ရမည်ဖြစ်သည်။ သဘာဝဘေးအ န္တရာယ်အတွက် အရန်ဆန်ထားရှိ ရမည့်သက်တမ်းကို လိုင်စင်ခွင့် ပြုချိန်မှ ခြောက်လအထိသတ် မှတ်ထားရှိမည်ဖြစ်ပါသည်။
သိုလှောင်ထားသောအရန် ဆန်များ၏အခြေအနေနှင့် ပတ် သက်၍လည်း စီးပွးရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့က တစ်လတစ်ကြိမ်ကွင်း ဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ ရသော ရေဘေးအန္တရာယ်ကြောင့် သြဂုတ်လဆန်းပိုင်းမှစတင်၍ ပြည်ပသို့ ဆန်တင်ပို့မှု ခေတ္တရပ် ဆိုင်းခဲ့သည်။ ယင်းသို့ ပြည်ပတင် ပို့မှုကို ခေတ္တရပ်ဆိုင်းရခြင်းမှာ ပြည်တွင်း၌ ဆန်လက်ကျန်နှင့် ဈေးနှုန်းမြင့်တက်မည့်အခြေအ နေကို ထိန်းချုပ်လိုခြင်းကြောင့်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က ယင်းအချိန်က မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြော ကြားထားသည်။
လက်ရှိအချိန်တွင် ပြည်တွင်း ၌ ဆန်လက်ကျန် နိုဝင်ဘာထိရှိ နေခြင်း၊ မိုးစပါးအချို့ စတင်ပေါ်လာခြင်းစသည်တို့ကြောင့် ပြည်ပတင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုသော်လည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုအတွက် မြန်မာနိုင်ငံ၏ အဓိကဆန်ဈေးကွက်ဖြစ်သော နယ်စပ်ကုန်သွယ်ရေးကို လတ်တ လောတွင် ထိန်းချုပ်နေရခြင်းဖြစ် သည်ဟု ဆန်ကုန်သည်များကခန့် မှန်းနေကြသည်
7daydaily

အိမ်အကူနှစ်ဦးကိုမုဒိမ်းကျင့်ခဲ့သောဆော်ဒီသံအမတ်အိန္ဒိယမှထွက်ခွာ
အိမ်အကူ အမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုများ ကြုံခဲ့ရသည့် ဆော်ဒီ သံအရာရှိ တစ်ဦးသည် ယခုအခါ နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။
အသက် ၃၀ နှင့် ၅၀ အရွယ်ရှိသော နီပေါနိုင်ငံသူ အမျိုးသမီးများကို အဆိုပါ သံအရာရှိက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခဲ့ပြီး အငတ်ထားခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်သည့် အဆိုပါ အမျိုးသမီးများသည် ယင်းသံအရာရှိ၏ မိတ်ဆွေ အခြားသော ဆော်ဒီ အမျိုးသားများ၏ အနိုင်အထက် ပြုမှုကိုပါ ခံခဲ့ရသည်။
ဆော်ဒီအစိုးရက မိမိတို့ သံအရာရှိအပေါ် စွပ်စွဲထားမှု အားလုံးကို ငြင်းဆိုထားပြီး သံအရာရှိ အခွင့်အရေးများကိုလည်း ရုပ်သိမ်းမည် မဟုတ်ဟု ဆိုသည်။ အဆိုပါ အခြေအနေကြောင့် ၎င်းကို အိန္ဒိယတွင် ရုံးတင်စစ်ဆေးရန် အဟန့်အတားများ ဖြစ်လာခဲ့သည်။
နီပေါနှင့် အိန္ဒိယတို့သည် ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိနေသော်လည်း အိန္ဒိယ အစိုးရ အနေဖြင့် ရေနံလုပ်ငန်းဖြင့် အထူးကြွယ်ဝ ချမ်းသာနေသည့် ဆော်ဒီနှင့် တင်းမာမှုမျိုး မဖြစ်ပေါ်အောင် ကြိုးစား ရှောင်တိမ်းခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီ သံအရာရှိကို ပြန်ခွင့်ပေးလိုက်ခြင်းက အိန္ဒိယအတွက် မလူးသာ မလွန့်သာ ဖြစ်နေသည့် သံတမန်ရေးရာ ပြဿနာကိုလည်း ဖြေရှင်းပြီး ဖြစ်သွားစေသည်။
စက်တင်ဘာ ၁၇ ရက်တွင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗီကက်စ် ဆွာရပ်က နီပေါအမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဆော်ဒီ သံအရာရှိသည် မိမိတို့ နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဟု သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းက သံအရာရှိ၏ အမည်နှင့် မည်သို့မည်ပုံ ထွက်ခွာသွားသည် ဆိုခြင်းကိုမူ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိချေ။ အဆိုပါ အမျိုးသားသည် ၎င်း၏ ဇိမ်ခံတိုက်ခန်းထဲတွင် အနည်းဆုံး ၁၅ ရက်မျှ ပိတ်ဆို့ထားပြီး ၎င်းအပါအဝင် အနည်းဆုံး လူ ၇ ဦးခန့်က မုဒိမ်းကျင့်ကြံမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
ဆော်ဒီအစိုးရက စွပ်စွဲမှုများသည် အခြေအမြစ် မရှိကြောင်းနှင့် သံအရာရှိ၏ တိုက်ခန်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းမှုကို တရားဝင် ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယ ရဲများသည် အဆိုပါ စီးနင်းမှုတွင် အမျိုးသမီးများကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့က အဲဒီအိမ်ထဲမှာတင် သေရတော့မယ် ထင်တာ။ သူ့ဇိမ်ခံတိုက်ခန်းက ၁၀ ထပ်မှာရယ်၊ ၁၂ ထပ်မှာရယ် ယူထားတာပါ။ ဘယ်လိုမှ ထွက်ပြေးဖို့ လမ်းမမြင်ဘူးလေ။ နေ့တိုင်းနေ့တိုင်း ကျွန်မတို့ကို စော်ကားနှိပ်စက်ပါတယ်”ဟု အမျိုးသမီး တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ NGO အဖွဲ့အစည်းများ၏ သတင်းပေးမှုကို အခြေခံကာ ပြီးခဲ့သည့် သီတင်းပတ်တွင် ရဲတပ်ဖွဲ့က အမျိုးသမီးများကို ကယ်တင်ပြီး နီပေါသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
ယင်းအမှု လူသိရှင်ကြား ဖြစ်လာပြီးနောက် ဒေလီမြို့တော်ရှိ ဆော်ဒီသံရုံးရှေ့တွင် အိန္ဒိယ အမျိုးသမီး များစွာက စုရုံး ဆန္ဒပြမှု ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ နီပေါသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်ပြီး ထောင်ပေါင်းများစွာသော နိုင်ငံသားများသည် အိန္ဒိယနှင့် အခြားသော အာရှနိုင်ငံများ၊ အာရပ်နိုင်ငံများသို့ သွားရောက်ကာ အလုပ်ကြမ်းသမား၊ အိမ်အကူများအဖြစ် အလုပ်လုပ်လေ့ရှိကြောင်းလည်း သိရှိရသည်။
_Ref: Theguardian

Wednesday, September 16, 2015
ချီလီတွင်အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်-ဆူနာမီသတိပေးချက်ထုတ်ပြန်
ချီလီနိုင်ငံတွင် ရစ်ခ်ျတာစကေး ၈.၃ အဆင့်ရှိ အလွန်အင်အားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ကမ်းခြေ ဒေသများတွင် ရေလှိုင်း ရိုက်ခတ်လာနိုင်ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ချီလီနိုင်ငံ၊ ဆန်တီယေဂို မြို့တော်တွင် အင်အားပြင်းထန်သည့် ငလျင်တစ်ခု စက်တင်ဘာ ၁၇ ရက်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ဆန်အိုနိုဖရီမှ ရက်ဂေးပွိုင့်ထိ ကမ်းခြေဒေသများကို ဆူနာမီရေလှိုင်း သတိပေးချက်များ ထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ကမ်းရိုးတန်း ဧရိယာများသို့လည်း ဆူနာမီရေလှိုင်း ရိုက်ခတ်လာနိုင်ကြောင်း သတိပေးထားသည်။
ချီလီ ဆူနာမီ သတိပေးချက် စင်တာက အလွန်ကြီးမားသည့် ရေလှိုင်းမျိုး ရိုက်ခတ်ဖွယ် မရှိဟု မှတ်ချက်ပေးထားသည်။ ချီလီ နိုင်ငံတွင် ပစိဖိတ် ကမ်းခြေဖြစ်သည့် ပွာတိုအေဆန်မှ အာရီကာထိ လူနေဒေသများကို ချက်ချင်း ရွှေ့ပြောင်းစေခဲ့သည်။
အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက အစောပိုင်းတွင် ငလျင်ပြင်းအားကို ရစ်ခ်ျတာစကေး ၇.၉ ဟု ကြေညာသော်လည်း နောက်ပိုင်းတွင် ၈.၃ အဖြစ် ပြောင်းလဲ ပြင်ဆင်ခဲ့သည်။ ငလျင်ကြောင့် ဆန်တီယေဂိုတွင် အဆောက်အအုံများ တုန်ခါ ယိမ်းယိုင်ကုန်သလို လူပေါင်းများစွာသည် အထပ်မြင့် အဆောက်အအုံများမှ လမ်းပေါ်သို့ ကြောက်လန့်တကြား ပြေးထွက်ခဲ့ကြသည်။
အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက အဆိုပါ ငလျင်ကြီးသည် ဆန်တီယေဂို အရှေ့မြောက်ဘက် ၁၄၁ မိုင်မျှ အကွာမှ ပစိဖိတ် သမုဒ္ဒရာအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဟုလည်း ဖော်ပြထားသည်။
ငလျင်နောက်ဆက်တွဲအဖြစ် ဆူနာမီရေလှိုင်း ရိုက်ခတ်လာမှုကို စောင့်ကြည့်ရန် ဟာဝိုင်အီကျွန်းနှင့် နယူးဇီလန် နိုင်ငံတို့တွင်ပါ ညွှန်ကြားထားသည်။ ငလျင်၏ လှုပ်ခါမှု အရှိန်အဟုန် ပြင်းထန်သဖြင့် တောင်အမေရိကတိုက်ရှိ နိုင်ငံအချို့တွင်ပါ သက်ရောက် ခံစားခဲ့ရသည်။
ချီလီတွင် ၂၀၁၀ ပြည့်နှစ်က ပြင်းအား ရစ်ခ်ျတာစကေး ၈.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ဖူးရာ အိမ်ခြေ ၂၂၀၀၀၀ ကျော် ထိခိုက်ပျက်စီးပြီး လူ ၅၀၀ ကျော် သေဆုံးကာ ဆူနာမီရေလှိုင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

မုံရွာမြို့လည်နေအိမ်မှစိန်ထည်နှင့်ရွှေထည်ကျပ်သိန်း၁၀၀ကျော်ဖိုးဖောက်ထွင်းမှုဖြစ်ပွား
မုံရွာမြို့ အလယ်ရပ်ကွက် ဓမ္မာရုံလမ်း အိမ်အမှတ်(၁၀/၃၅) နေအိမ်မှ ရွှေထည်၊ စိန်ထည်ပစ္စည်းတန်ဖိုးကျပ်သိန်းတစ်ရာ ကျော်ဖိုး ဖောက်ထွင်းခိုးယူခံရမှု စက်တင်ဘာ ၁၆ရက် နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘သူခိုးကတစ်ပေလောက်ရှိ တဲ့ အလင်းဝင်မှန်ပေါက်ကို ဓားနဲ့ ကလန့်ပြီးဖွင့်ဝင်တယ်။ လူအိပ် တဲ့အခန်းရဲ့အပြင်ဘက်မှာ သံ သေတ္တာထားတာဆိုတော့ သူခိုး က လွယ်လွယ်ကူကူနဲ့ ခိုးယူသွား တာဖြစ်ပါတယ်’’ မုံရွာမြို့နယ် ရဲ တပ်ဖွဲ့မှူးရဲမှူးစိန်မင်းကပြော သည်။
နေအိမ်ပိုင်ရှင်များသည် စက်တင်ဘာ ၁၅ရက် ည ၁၂နာရီ တွင် အိပ်ရာဝင်ခဲ့သည်။ စက်တင်ဘာ ၁၆ရက် နံနက် ၄နာရီ၌ ဆွမ်းချက်ရန် အိပ်ရာမှထစဉ် အိမ် တတိယထပ်ရှိ သမီးဖြစ်သူအိပ် ခန်းအပြင်ဘက် အခန်းလွတ်အ တွင်း သော့ခတ်ထားခြင်းမရှိသော သံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းခြောက်မျိုး၊ စိန်ထည်ပစ္စည်းတစ်မျိုး၊ စုစုပေါင်းတန်ဖိုး ကျပ် သိန်း တစ်ရာ့သုံးဆယ်ကျော် ပျောက်ဆုံးနေသဖြင့် ရွှေထည်ပစ္စည်းများ ခိုးယူသွားသူကို ဥပဒေနှင့်အညီ အရေးယူပေးရန် မုံရွာမြို့ မြို့မရဲ တပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်းကပြစ်မှုပုဒ်မ ၃၈၀အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီးကျွန်းလှမြို့ ရွှေဆိုင်မှ လူသတ်ပြီး ရွှေခိုးယူမှု၊ တန့်ဆည်မြို့မှ ရွှေ ထည်ပစ္စည်း ၁၁ပိဿာခန့်ဖောက် ထွင်းခိုးယူမှုတို့ဖြစ်ပွားပြီးနောက် ယခုမုံရွာမြို့အလယ်ရပ် ဓမ္မာရုံ လမ်းနေအိမ်ဖောက်ထွင်းခိုးယူခံရ ခြင်းဖြစ်သည်။
ဖောက်ထွင်းခိုးယူမှုများဖြစ် ပေါ်ခဲ့ပြီးနောက် မုံရွာမြို့ ချင်းတွင်း ရတနာဈေး၊ မြသလ္လာဈေး၊ သီရိ ရတနာဈေးနှင့် မြို့ပေါ်ရွှေဆိုင်ပိုင် ရှင်များအနေဖြင့် လုံခြုံရေးလုပ် ငန်းများတိုးမြှင့်ဆောင်ရွက်ရန် မှု ခင်းကျဆင်းရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း ရဲမှူးစိန်မင်းကပြော သည်

မြန်မာပိုင်နင်အတွင်းဝင်ရောက်စစ်ဆင်မှုမလုပ်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ပြောကြား
ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စစ်ဆင်ရေးတစ်ခုတွင် စစ် သွေးကြွစခန်း နှစ်ခုကို ဝင်ရောက် စီးနင်းခဲ့သည့် အိန္ဒိယတပ်များသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ ခြင်း မရှိဘဲ အိန္ဒိယပိုင်နက် နာဂ လန်းနှင့် မဏိပူရနယ်အတွင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး သူရဲကောင်းဆုများ ရရှိခဲ့သည့်တပ်ဖွဲ့ဝင်များ၏ ပြောစကားများ ကို ကိုးကားကာ အိန္ဒိယပြည်တွင်း အီကောနောမစ်တိုင်းမ်သတင်း စာက ဖော်ပြသည်။
ထိုစဉ်က အိန္ဒိယသတင်းနှင့် ပြန်ကြားရေးဝန်ကြီး ရာ့ဂျယာဘာ ဒန် ရက်သိုးရ်က ထိုစစ်ဆင်ရေး တွင် အိန္ဒိယတပ်များသည် မြန်မာ နယ်စပ်ထဲသို့ ဖြတ်ကျော်ဝင် ရောက်ပြီး စစ်သွေးကြွစခန်း နှစ်ခု ကို စီးနင်းခဲ့ကြောင်း မှားယွင်း ပြောကြားခဲ့သည်။
သို့သော် ထိုဖြစ်စဉ်တွင် ပါ ဝင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များ ရခဲ့သည့် တပ်ဖွဲ့ ဝင် ရှစ်ဦးကမူ ၎င်းတို့ စစ်ဆင်ရေး များတွင် စစ်သွေးကြွ နှစ်ဒါဇင်ခန့် သုတ်သင်နိုင်ခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိကြောင်း ဆိုသည်။
ထို့ပြင် ၎င်းတို့က စစ်ဆင်ရေး များသည် အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင်သာ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး မြန်မာပိုင်နက်အတွင်း သို့ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း ပြောသည်။
အိန္ဒိယအစိုးရသည် ထို စစ်ဆင်ရေး၌ ပါဝင်ခဲ့သည့်တပ်ဖွဲ့ဝင် ၂၁ ဦးကို ပြီးခဲ့ သည့် လွတ်လပ်ရေးနေ့တွင် စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဘွဲ့များပေးအပ်ခဲ့ ပြီး စစ်ဆင်ရေး မှတ်တမ်းကိုမူ မထုတ်ပြန်ဘဲ ထိန်းသိမ်းထားကြောင်း ဆိုသည်။
ထိုဖြစ်ရပ်တွင် အီကောနော မစ်တိုင်းမ်က မေးမြန်းရာ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဇွန်လ ၉ ရက် အိန္ဒိယစစ်တပ် သတင်း ထုတ်ပြန်ချက်ကို ပြန်ကြည့်ရန် သာ ညွှန်းဆိုခဲ့သည်။
‘‘ဇွန်လ ၉ ရက် ထုတ်ပြန်ချက် ကို ပြန်ကြည့်ပါ။ စစ်တပ်ဟာ သူပုန်တွေနဲ့ သီးခြားတိုက်ပွဲနှစ်ခု မှာ ထိတွေ့ခဲ့ပြီး ထိုနေရာတွေ ဟာ အိန္ဒိယ-မြန်မာ နယ်စပ်တစ် လျှောက်က နာဂလန်းနဲ့ မဏိပူရ နယ်တွေထဲမှာ ဖြစ်ပါတယ်’’ ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။
ထို့ပြင် ထုတ်ပြန်ချက်တွင် အိန္ဒိယစစ်တပ်သည် မြန်မာအာ ဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆိုခဲ့သည်။
—Ref: The Economic Times

ဒီချုပ်ကိုယ်စားလှယ်လောင်းများကိုမီဒီယာနဲ့တွေ့ခွင့်ပိတ်ပင်ခြင်းမရှိဟုဆို
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ ကို မီဒီယာနှင့် တွေ့ဆုံပြောကြား ခွင့် တားမြစ်ပိတ်ပင်ထားခြင်းမရှိ ကြောင်း ယင်းပါတီ၏ပြောရေးဆို ခွင့်ရှိသူ ဦးဝင်းမြင့်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို ပါတီကချမှတ်ထား သောမူဘောင်များထက် ကျော် လွန်ပြောကြားမှု မရှိစေရန်သာ ဗဟိုက ညွှန်ကြားထားပြီး ၎င်းတို့ ကိုယ်ပိုင်အကြောင်းကိစ္စများအ တွက် လွတ်လပ်စွာခွင့်ပေးထားသည်ဟု ယင်းပါတီကိုယ်စားလှယ်လောင်းများကို မီဒီယာနှင့် တွေ့ဆုံခွင့် ပိတ်ထားသည်ဆိုသော သတင်းစကားများနှင့်ပတ်သက်၍၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
‘‘ပါတီရဲ့မူဝါဒနဲ့ပတ်သက် လို့ ပြောခွင့်ရပုဂ္ဂိုလ်ရှိတယ်။ ကော်မရှင်နဲ့ပတ်သက်လို့၊ ကိုယ် စားလှယ်လောင်းတွေနဲ့ပတ်သက် လို့လည်း ပြောရေးဆိုခွင့်ရှိသူတွေ ပေးထားတယ်။ တချို့ကိစ္စတွေ မှာ မူဝါဒတွေနဲ့ကျော်လွန်ပြီးပြော မိတဲ့အခါမှာ ထင်ယောင်ထင်မှား တွေဖြစ်ကုန်မှာစိုးလို့ အဲဒါကိုကန့် သတ်ထားတာပါ။ တချို့က ဒါကို နားလည်မှုလွဲနေကြတာ’’ဟု ဦး ၀င်းမြင့်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းများကို မီဒီယာ နှင့်တွေ့ဆုံခွင့်ပိတ်ထားသည်ဟူ သောသတင်း ထွက်ပေါ်နေပြီး အချို့ကိုယ်စားလှယ်လောင်းများ ကိုယ်တိုင် ယင်းသို့ပိတ်ပင်ထားမှု ရှိ၊ မရှိ သေချာစွာနားမလည်ကြဟုဆိုသည်။
‘‘အရင်ကတော့ အဲဒီလိုမီဒီ ယာနဲ့မပြောဖို့ ညွှန်ကြားထား တယ်လို့တော့ကြားတယ်။ တိုက် ရိုက်ညွှန်ကြားတာတော့မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကတော့ ပြောသင့်ပြောထိုက်တာ ကို ထိန်းထိန်းသိမ်းသိမ်းပြောရ တာတော့ရှိတယ်’’ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးရွှေလ၀င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ရွေးချယ်စဉ်က တည်းက စည်းကမ်းချက်များ တင်းကျပ်စွာ ချမှတ်ထားခဲ့ပြီး ၎င်း တို့၏ ပိုင်ဆိုင်မှုများကိုလည်းတင် ပြစေခဲ့သည်

Subscribe to:
Posts (Atom)